Daily Bread

ယုံကြည်ခြင်း

April 21, 2024 • Pastor David Lah • John 3:16, Luke 18:8, Genesis 20


အားလုံးပဲမင်္ဂလာပါ။ ဘုရားသခင်ပြင်ဆင်ပေးခြင်းကြောင့် တစ်နေ့ပြီးတစ်နေ့ တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် ပို့ဆောင်ခဲ့တဲ့ ကျေးဇူးတော်က အင်မတန်ကြီးလှပါတယ်။ ရှေးဦးစွာ နှုတ်ကပတ်တော် မဝေငှခင်မှာ ဘုရားသခင်ထံမှ လာသော ငြိမ်သက်ခြင်း ကျန်းမာခြင်း ဝမ်းမြောက်ခြင်းများက သင်နှင့်သင့်မိသားစုအပေါ် မှာကျရောက်ပါစေလို့ ကျွန်တော် သခင်ယေရှုနာမ၌ ဆုတောင်း ကောင်းကြီးပေးလိုက်ပါတယ်။

              ဒီကနေ့ ကျွန်တော် အဓိက ဝေငှပေးသွားမယ့် အကြောင်းအရာကတော့ ယုံကြည်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ ဒီကနေ့ ဒီနှစ်ခုကို ပိုင်းခြား နားလည်တတ်ဖို့ သိပ်အရေးကြီးပါတယ်။ လောကသားတွေအတွက် ဆိုရင် ကိုယ်ကျင့်တရားကို ကြည့်ကြတယ်။ ဒါပေမယ့် ယုံကြည်သူ ဘုရားသားသမီးတွေကတော့ ယုံကြည်ခြင်းကို ကြည့်တတ်ဖို့ သိပ်အရေးကြီးပါတယ်။

              လူတွေက လူတစ်ယောက်ရဲ့အကျင့်၊ ကိုယ်ကျင့်တရားကို ကြည့်ပြီးဆုံးဖြတ်တတ်ကြတယ်။ ဘုရားကတော့ ယုံကြည်ခြင်းကို ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်။ ဒါကို ကျွန်တော်တို့နားမလည်ရင် ကျွန်တော်တို့အသက်တာက ဆုံးရှုံးတယ် ဆိုတာထက် ဘုရားသခင်ပြင်ဆင်တဲ့ မင်္ဂလာကို မရလိုက်မှာ သိပ်စိုးရိမ်စရာ ဖြစ်တယ်။


                “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ “(ယောဟန် 3:16)


                 အကျင့်ကောင်းသောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မ‌ရောက် လို့မပြောထားဘူး၊ စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ ကိုးကွယ်တဲ့သူမှန်ရင် အချိန်တန်ရင် ဘုရားပြုပြင်ပြီးတော့ အလိုလို ပုံသွင်းသွားတယ်။ ဘုရားက သူ့ရဲ့အထဲကနေ ဝင်ရောက်လုပ်ဆောင် ပေးသွားတဲ့အခါမှာ မင်္ဂလာရှိသွားစေတယ်။ အကျင့်ကောင်းခြင်းကိုပဲ အာရုံစိုက်တတ်တဲ့ လောကကြီးထဲမှာ ယုံကြည်ခြင်းကို တည်ဆောက်ပြီး အသက်ရှင်တတ်သွားဖို့ သိပ်အရေးကြီးတယ်။ ကိုယ့်ရဲ့ဖြောင့်မတ်ခြင်းအပေါ်မှာ ရပ်တည်ပြီး အသက်ရှင်တတ်သူတွေမှာ ယုံကြည်ခြင်းမရှိတဲ့အခါ ဘုရားရဲ့စိတ်တော်နဲ့ မတွေ့နိုင်ဘူး။

               လောကရဲ့အမြင့်ဆုံးက ကောင်းသောအကျင့်ဖြစ်ပေမယ့် ကျွန်တော်တို့ ဘုရားသားသမီးတွေအတွက် အမြင့်ဆုံးက ယုံကြည်ခြင်းဖြစ်တယ်။ ဘုရားသခင်ထံကို တိုးဝင်တဲ့အခါမှာ ကောင်းသောအကျင့်နဲ့တိုးဝင်ခိုင်းတာမဟုတ်ဘူး၊ ယုံကြည်ခြင်းနဲ့ တိုးဝင်ခိုင်းတာဖြစ်တယ်။ လောကမှာတော့ သင်က ကောင်းသောအကျင့်နဲ့ကျင်လည်ဖို့ လိုအပ်သလို ယုံကြည်ခြင်းနဲ့ လျှောက်လှမ်းသွားဖို့ လည်းအရေးကြီးပါတယ်။

 If you lose your money, you have lost nothing. If you lose your health, you lose something. If you lose your character, you lose everything. ဆိုတဲ့စာကြောင်းကို တစ်ရက်မှာ ကျွန်တော်ဖတ်လိုက်ရတယ်။ သင့်ငွေတွေ ဆုံးရှုံးတယ် ဆိုတာ ဘာမှ မဆုံးရှုံးသေးပါဘူး၊ သင့်ရဲ့ကျန်းမားရေးထိခိုက်လာပြီဆိုရင်တော့ သင်တစ်ခုခုကို အနည်းငယ် ဆုံးရှုံးလိုက်ရတာ ဖြစ်တယ်။ သင့်ရဲ့အကျင့်မကောင်းတော့ရင် သင့်အသက်တာက လုံးဝဆုံးရှုံးသွားရမှာဖြစ်တယ်။ ဒါကလောကရဲ့ စံချိန်စံနှုန်း ဖြစ်တယ်။

           If you lose your money, you have lost nothing. If you lose your health, you lose something. If you lose your Faith , you lose everything. ငွေဆုံးရှုံးတာက ပြန်ရှာလို့ရတယ်၊ ကျန်းမာရေးမကောင်းတာက  ကျန်းမာအောင် ပြန်ပြီး ဂရုစိုက်လို့ ရပါတယ်။ ကျွန်တော်တို့ယုံကြည်သူ သားသမီးတွေက အကျင့်ဆိုတဲ့အရာထက် ယုံကြည်ခြင်းမရှိရင် သင့်ဘဝတစ်ခုလုံး ဆုံးရှုံးခြင်းပဲရှိတော့မှာ ဖြစ်တယ်။ သင့်အသက်တာမှာ ယခုဘဝ နောင်ဘဝ ပျက်စီးခြင်းမရောက်ဖို့ အရေးကြီးဆုံးအရာက ယုံကြည်ခြင်းပဲဖြစ်တယ်။

             လူတစ်ယောက်ကို စီရင်မိရင် လူတစ်ယောက်ကို အပြစ်တင်ရင် သင်သတိထားပါ။ လူတစ်ယောက်ရဲ့အပြင်ပန်းကို ကြည့်ပြီးမှ သူ့ကိုသွားပြီး မစီရင်မိပါစေနဲ့။ အဲ့ဒီလူက သူဘယ်သူ့ကို ယုံနေလဲဆိုတာ သင်မသိဘူး၊ သူက ဘုရားကို တကယ်ပဲ ယုံကြည်ကိုးစားသူဖြစ်နေရင် သင်သူ့ကို စီရင်မိတဲ့အတွက် သင့်အသက်တာမှာ အမင်္ဂလာတွေ ဖြစ်လာမယ်။ ဘုရားသခင်က ယုံကြည်ခြင်းကိုပဲ ကြည့်ပြီးစီရင်တယ်။ အကျင့်ကို ကြည့်ပြီး စီရင်တဲ့ဘုရားမဟုတ်ဘူး။

              ဧဒင်ဥယျာဥ်အလယ်မှာ ရှိတဲ့အပင်က အသီးကို မစားဖို့  စားခဲ့ရင် ဧကန်အမှန် သေရလိမ့်မည်လို့ ဘုရားက သူဖန်ဆင်းတဲ့ လူသားကို မှာထားခဲ့ပေမယ့် စာတန်ရောက်လာတဲ့အခါမှာ စာတန်က ဧကန်အမှန် သေရလိမ့်မည် မဟုတ်လို့ ပြောတယ်။ လူက မစားနဲ့ဆိုတဲ့ ဘုရားစကားထက် စားလို့ရတယ် ဆိုတဲ့ မာရ်နတ်စကားကိုယုံသွားခဲ့တယ်။ အဲ့ဒီအသီးကို သွားစားခဲ့တယ်။ စားတာက အရင်မလာခင် စကားကို ယုံတာက အရင်လာတာဖြစ်တယ်။ မာရ်နတ်စကားကို ယုံပြီး အသီးကို စားလိုက်တယ်။ ယုံကြည်ခြင်းက အရင်လာပြီး လုပ်ဆောင်ချက်က မှားသွားခဲ့တာဖြစ်တယ်။

                ဒါကြောင့်မို့ ကျမ်းစာထဲမှာ ယုံကြည်ခြင်းက အမြစ်ဖြစ်တယ်။ လုပ်ဆောင်ခြင်းဆိုတဲ့ အကျင့်က အသီးဖြစ်တယ် လို့ပြောထားတာဖြစ်တယ်။ ကျွန်တော်တို့ က အသီးသီးဖို့ ဆိုတာကို သိပ်မျှော်လင့်ကြတယ်။ အသီးက အရင်လာတာ မဟုတ်ပါဘူး၊ယုံကြည်ခြင်းက အမြစ်ဖြစ်နေတဲ့အခါ အမြစ်တွယ်ပြီး အပင်က သန်မာမှ အသီးက သီးနိုင်တာဖြစ်တယ်။ ကျွန်တော်တို့က အသီးကိုပဲ စိတ်ဝင်စားနေကြတယ်။ ဘုရားက အမြစ်ကိုပဲ စိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်။

                 ရုသက မောဘအနွယ်ကနေ လာတဲ့သူဖြစ်တယ်။ ကျိန်စာတိုက်ခံထားရတဲ့ အမင်္ဂလာမျိူးရိုးက လာသူဖြစ်တယ်။ ဒါပေမယ့် နောမိ ကိုးကွယ်တဲ့ ဘုရားကို ယုံကြည်ပြီး ကိုးကွယ်လိုက်တဲ့အခါမှာ အမင်္ဂလာကနေ မင်္ဂလာပြောင်းသွားခဲ့တယ်။ ယေရှုခရစ်တော်ရဲ့  မင်္ဂလာဖြစ်ရတဲ့ မျိူးနွယ်ဆက်ထဲမှာ ပါရတဲ့အခွင့်ကို ပြင်ဆင်ပေးလိုက်တယ်။

                   ရာခတ်ကို ကြည့်တဲ့အခါမှာလဲ ပြည့်တန်ဆာမ ဖြစ်လျက်နဲ့ သမိုင်းမှာ အရေးကြီးတဲ့အခန်းမှာ ပါဝင်လာတာကို တွေ့ရတယ်။ စာလမုန် ဆိုတဲ့ ယုဒအမျိူးနွယ် မင်းသားနဲ့ရတဲ့အခွင့်ကို ရပြီး ယေရှုခရစ်တော်ရဲ့ မျိူးနွယ်ဆက်ထဲ့ပါလာတယ်။ အကျင့်မကောင်းခဲ့ပေမယ့် ဘာြဖစ်လို့ ယေရှုခရစ်တော်ရဲ့ မျိူးနွယ်ဆက်ထဲမှာ ချီးမြှောက်ခံတဲ့ မိန်းမတွေ ဖြစ်လာရတာလဲ ဆိုတော့ ယုံကြည်ခြင်းကြောင့်ပဲ ဖြစ်တယ်။

                       ယုံကြည်ခြင်းက သိပ်အရေးကြီးပါတယ်။ သူတို့ရဲ့အတိတ်က မကောင်းခဲ့ပေမယ့် ယုံကြည်ခြင်းရှိလိုက်တာနဲ့ အမင်္ဂလာကနေ မင်္ဂလာရှိတဲ့ မျိူးရိုး အဖြစ်ပြောင်းသွားခဲ့ရတယ်။ ခုနက လောကစကားက အကျင့်မကောင်းရင် သင်အားလုံးဆုံးရှုံးမယ်လို့ ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ယုံကြည်ခြင်း မရှိရင် သင်အားလုံးဆုံးရှုံးရမှာ ဖြစ်တယ်။

               အာဗြံဟံ အသက်တာကို ဆင်ခြင်တဲ့အခါမှာ အာဗြံဟံက သူ့အမျိူးအနွယ်ထဲက သူထွက်လာပြီး ဘုရားသခင် ပို့ဆောင်တဲ့ နေရာကို သွားနေရင်း ခါနန်ပြည်မှာ အစာခေါင်းပါးတာကို မြင်တော့ အဲဂုတ္ထုပြည်ကို သွားနေခဲ့တယ်။ အဲဂုတ္ထုပြည်က လူတွေရဲ့ အကျင့်ဆိုးတွေနဲ့ စိတ်ဓါတ်ကို သူကောင်းကောင်းသိတယ်။ ဒီလူမျိူးတွေ အကျင့်ကို သူသိတာမို့ သူ့မိန်းမလို့ မပြောပဲ သူ့ညီမလို့ ပြောရင် သူအသက်ဘေးကလွတ်မယ့်အကြောင်း သူ့မိန်းမကို သူပြောခဲ့တယ်။ သူ့မိန်းမကို သူ့ညီမလို့ လိမ်ပြောခဲ့တယ်။ သူ့မိန်းမက လှတော့ ဖာရောဘုရင်က သိမ်းယူသွားခဲ့တယ်။ စာရာအားဖြင့် အာဗြံဟံကိုလည်း ချီးမြှောက်ပြီး သေချာဂရုစိုက်တယ်။ ဒါပေမယ့် ဘုရားက ဖာရောဘုရင်ရဲ့နန်းတော် တစ်ခုလုံးကို ဆုံးမတော့ ဖာရောဘုရင်က ကြောက်လန့်ပြီး အာဗြံဟံကို ပြန်မေးတဲ့အခါ အာဗြံဟံက စာရာက သူ့မိန်းမဖြစ်ကြောင်း ဝန်ခံခဲ့တယ်၊ ဒီအခါ ဖာရောဘုရင်က ကြောက်ပြီး စည်းစိမ်ဥစ္စာတွေနဲ့ စာရာကိုရော အာဗြံဟံကို ပြန်ပေးလိုက်တယ်။ အာဗြံဟံက နန်းတော်ကနေ ပစ္စည်းဥစ္စာ အပြည့်အစုံနဲ့ ပြန်ထွက်လာရတယ်။

               အာဗြံဟံလူလည်ကျသလို ငါတို့လဲ လူလည်ကျလို့ ရပါတယ်လို့ သင်မတွေးလိုက်ပါနဲ့။ အာြဗံဟံဘက်မှာ ဘုရားပါနေခဲ့တာ အာဗြံဟံအကျင့်ကြောင့်မဟုတ်ခဲ့ဘူး၊ ဘုရားပါနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ အာဗြံဟံကို မင်းရဲ့ အသိုင်းဝိုင်း အမျိူးအနွယ်ထဲက ထွက်ခဲ့လို့ ပြောတဲ့အခါမှာ ထွက်လာတဲ့အာဗြံဟံရဲ့ ယုံကြည်ခြင်းကြောင့်ဖြစ်တယ်။ အာဗြံဟံက သူ့အသိုင်းအဝိုင်းထဲမှာ သူနေသားကျနေပြီဖြစ်ပေမယ့် ဘုရားစကားကို ယုံပြီး သူ့ရဲ့အဆင်ပြေနေတဲ့ ဘဝကနေ ထွက်လာခဲ့တာဖြစ်တယ်။ တကယ်တော့ ဖာရောဘုရင်က မမှားခဲ့ဘူး၊ အာဗြံဟံလိမ်တာကို ယုံပြီး စာရာကို သူသိမ်းခဲ့တာဖြစ်တယ်။ အကျင့်အားဖြင့်ကြည့်ရင် ဖာရောမှန်နေပြီး အာဗြဟံက အကျင့်မကောင်းဘူးလို့ ယူဆလို့ရတယ်။ ဘုရားသခင်က မတရားဘူးလို့ မြင်နိုင်တယ်။ ဒါပေမယ့် မဟုတ်ဘူး။

           ဘုရားက ယုံကြည်ခြင်းကို ထောက်ရှုပြီး စီရင်တဲ့ဘုရားဖြစ်တယ်။ ယုံကြည်ခြင်းကို ထောက်ပြီး စောင့်မတဲ့ ဘုရားဖြစ်တယ်။ သင့်ရဲ့အသက်တာထဲမှာ မှားနေခဲ့ရင်တောင်မှ သင့်ရဲ့အသက်တာကို ဘုရားသခင်နဲ့ပြန်တိုးဝင်ပြီး ယုံကြည်ခြင်းနဲ့ ပြန်ဆက်ကပ် တဲ့အခါ သင့်ရဲ့အသက်တာကို ဘုရားသခင်က ပြန်ပြုပြင်ပေးပြီး ဆက်လက် လမ်းပြသွားမှာ ဖြစ်တယ်။ စာတန်က သင့်ရဲ့ယုံကြည်ခြင်းကို ပဲ တိုက်နေတာဖြစ်တယ်။ သင်ဘယ်သူ့ကို ယုံသလဲဆိုတာ သင့်ကိုယ်သင် ကောင်းကောင်းသိနေသရွေ့ သင်ဘယ်သူလဲဆိုတာ သင့်ကိုယ်သင် ကောင်းကောင်းသိတယ်။ သူများဘာပဲ လာပြောနေပါစေ ကိုယ်ဘယ်သူလဲဆိုတာ ကိုယ့်ကိုယ်ကို သိလို့  ငြိမ်ဝပ်စွာနဲ့ ကျေးဇူးတော် ချီးမွမ်းပြီးနေတယ်။


               “ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။” (လုကာ18:8)   

    

ယေရှုခရစ်တော်က နောက်တစ်ခါ ပြန်ကြွလာချိန်မှာ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လော ဆိုပြီးမေးထားတာ တွေ့ရတယ်။ အကျင့်ကောင်းသူကို တွေ့မည်လောလို့ မမေးထားခဲ့ဘူး။

              ကမ္ဘာဦးကျမ်း 20 ကိုဆင်ခြင်တဲ့အခါမှာ အဘိမလက် မင်းကို အာဗြံဟံက စာရာကို သူ့ညီမပါလို့ ထပ်လိမ်သေးတယ်။ ဒီမှာကြည့်ရင် လိမ်တဲ့သူက အဘိမလက်မဟုတ်ဘူး၊ အာဗြံဟံနဲ့စာရာက လိမ်နေတဲ့သူဖြစ်တယ်။ ညဘက်မှာ အဘိမလက်ကို ဘုရားက အိမ်မက်အားဖြင့် စကားပြောတဲ့အခါ အဘိမလက်မင်းကို လူသေလို့ပြောခဲ့တယ်။ အဘိမလက်က သူက ဖြောင့်မတ်သောသူ တစ်ယောက်ဖြစ်တာ ကိုယ်တော်သိပါတယ်။ သူမသိလို့ပါ။ အာဗြံဟံက လဲညီမလို့ လိမ်သလို စာရာကလဲ အာဗြံဟံက သူ့အစ်ကိုပါလို့ နှစ်ယောက်စလုံးက ပြောလို့ သူယူဖို့ လုပ်မိတာပါ။ သူမယူရသေးဘူး ဆိုတာ ပြောခဲ့တယ်။ ဒီအခါမှာ ဘုရားသခင်ကလည်း အဘိမလက်ကို သင်ဖြောင့်မတ်တာ ငါသိတယ်။ သင့်ကို ငါဆီးတားပြီ။ သူ့မိန်းမကို မင်းသိမ်းယူခွင့်မရှိဘူး။ အာဗြံဟံက ပရောဖက်ဖြစ်တယ်။ အာဗြံဟံပြန်ဆုတောင်းပေးမှ မင်းသေမယ့်အဖြစ်က လွတ်မယ်လို့ ဘုရားက အဘိမလက်မင်းကို ပြောခဲ့တယ်။ ဒါကိုကြည့်တဲ့အခါမှာ ဘုရားကမျက်နှာလိုက်တယ် ထင်နိုင်တယ်။ ဘုရားက မျက်နှာလိုက်တဲ့ဘုရားမဟုတ်ဘူး၊ ယုံကြည်ခြင်းကို ကြည့်တဲ့ဘုရားဖြစ်တယ်။

                      အာဗြံဟံ အမှားလုပ်ပေမယ့် အာဗြံဟံရဲ့ယုံကြည်ခြင်းကို ကြည့်ပြီးချီးမြှောက်ခဲ့တယ်။ အာဗြံဟံရဲ့ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့  ဘုရားက မှတ်ယူခဲ့ခြင်းဖြစ်တယ်။ ဘဝတိုက်ပွဲတိုင်းမှာ သင်အောင်မြင်ချင်ရင် တစ်ခုပဲ သင်လိုအပ်ပါတယ်။ယုံကြည်ခြင်းဖြစ်တယ်။ အကျင့်ကို တည်ဆောက်တဲ့သူတွေ အများကြီးရှိပေမယ့် ယုံကြည်ခြင်းရှိတဲ့သူနဲ့ပဲ ဘုရားသခင်က အလုပ်လုပ်သွားတာဖြစ်တယ်။ သင့်ရဲ့အားနည်းချက်ကို သင်မစဥ်းစားနဲ့။ ယုံကြည်ခြင်းနဲ့ အသက်ရှင်တဲ့သူက အချိန်တန်ရင် ဘုရားက ပြုပြင်သွားပေးတာဖြစ်တယ်။ ယေရှုခရစ်တော် အသစ်တဖန်ပြန်ကြွလာတဲ့အခါ လောကအလယ်မှာ ကိုယ်တော့်ကို ယုံကြည်သောသူ ကျွန်တော် ကျွန်မတို့ ရှိနေပါတယ်လို့ ပြောနိုင်သောသူများဖြစ်ပါစေ။ အယောက်စီတိုင်း အပေါ်မှာ ဘုရားသခင်ကောင်းကြီးပေးပါစေ။