Daily Bread

ယေရှုအားဖြင့်

April 23, 2024 • Pastor David Lah • Psalm 103:1–5, Hebrews 12:18–24, Genesis 4:9–10, 1 Peter 1:18–19, Romans 5:16–18


                 အားလုံးမင်္ဂလာပါ။ ဒီကနေ့ ဘုရားသခင်ထံမှ ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း ပျော်ရွှင်ခြင်း အောင်မြင်ခြင်း ဘုန်းတော်ထင်ရှားခြင်း တို့သည် သင်နှင့်တကွ သင့်မိသားစု အ‌ယောက်စီတိုင်းအပေါ် သက်ရောက်ပါစေလို့ ယေရှု ခရစ်တော်နာမ၌ ဆုတောင်း ကောင်းကြီးပေးပါတယ်။ နေ့ရက်အစဥ်တိုင်းမှာ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ကို ဆင်ခြင်ခွင့်ပေးတဲ့ ဘုရားနာမ ဘုန်းကြီးပါစေ။ ဒီကနေ့မှာ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ပြင်ဆင်ပေးတဲ့ ကောင်းကြီးမင်္ဂလာတွေအတွက် ဆင်ခြင်ကြဖို့ ကျွန်တော်ဝေငှသွားချင်ပါတယ်။


“အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍၊ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ “ (ဆာလံ 103:1-3)


                  ဆာလံဆရာက ဘာဖြစ်လို့ ထာဝရဘုရားကို ကောင်းကြီးပေးတာလဲ? ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့် လို့ပြောထားခဲ့တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ယေရှုခရစ်တော်အားဖြင့် ပြုပေးခဲ့တဲ့ ကျေးဇူးတော်ကို ရေတွက်မယ်ဆိုရင် ရေတွက်လို့ မကုန်နိုင်ပါဘူး။


“သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။” (ဆာလံ103:4-5)


                      ကျေးဇူးတော်အပေါင်းကို မမေ့မလျော့နှင့်တဲ့။ ‌ကျေးဇူးတော်ကို သိတဲ့သူပဲ သာ၍ ကျေးဇူးတော်ကို ခံစားရတယ်ဆိုတာ ဒီကနေ့ ညီအစ်ကိုမောင်နှမတွေကို ပြောပြချင်ပါတယ်။ အဲ့ဒီ‌ကျေးဇူးကို နားလည်ဖို့လိုပါတယ်။ ကျေးဇူးတော်ကို သိတဲ့သူက ကျေးဇူးတော်ကို သာ၍ချီးမွမ်းလေလေဖြစ်လာတဲ့အခါ ကျေးဇူးတော်ကို ပိုပြီးခံစားရလာတယ်။ တကယ့်ကို မင်္ဂလာနဲ့ပြည့်နေတာဖြစ်တယ်။


“ထိုမှတပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သောမီးသို့၎င်း၊ မည်းသော တိမ်တိုက်၊ မှောင်မိုက်၊ မိုဃ်းသက် မုန်တိုင်းသို့၎င်း၊တံပိုးမှုတ်ခြင်းအသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော် မမူမည် အကြောင်းတောင်းပန်ကြ၏။အဘယ်ကြောင့်နည်းဟူမူကား တိရိစ္ဆာန်သော်လည်းကောင်း ထိုတောင်ကိုထိမိလျင် ကျောက်ခဲနှင့်ပစ်၍ သေစေဟု ပညတ်တော်မူသံကို လူတို့သည် နား မခံနိုင်ကြ။ ထိုသို့ ထင်ရှားကြသောအရာသည် အလွန်ကြောက်မက်ဘွယ်ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့ တုန်လှုပ်ခြင်းရှိသည်ဟုဆို၏။”(ဟေဗြဲ 12:18-21)


             ဒီကျမ်းပိုဒ်ကို ဆင်ခြင်တဲ့အခါ မောရှေတောင်မှ အင်မတန်ကြောက်ရွံ့တုန်လှုပ်ရတယ်။အဲ့ဒီတောင်နားကို ကပ်လို့မရဘူး။ အဲ့ဒီတောင်က သိနတောင်ဖြစ်တယ်။ သိနတောင်ဆိုတာ ပညတ်တရားနဲ့ဆိုင်တယ်။ ပညတ်တရားကို ပုံ‌ဆောင်တယ်။ ဒီကနေ့ ကျွန်တော်တို့က ပညတ်တရားအောက်မှာပဲ ရှိနေရင် ကျိန်ခြင်းအောက်မှာပဲ ရှိနေသေးတယ်။ ပညတ်တရားကို ကုန်စင်အောင် ဘယ်သူမှ မလိုက်လျှောက်နိုင်ဘူး။ ပညတ်တရားဆိုတာက ၂၄နာရီလုံးလုံး စက္ကန့် မိနစ်တိုင်း နာရီတိုင်းမှာ စောင့်ရှောက်ပြီး မချိူးဖောက်ပဲ ကျင့်နိုင်မှ ဖြစ်တယ်။ နေ့ရက်အစဥ်တိုင်းမှာ သင် အိပ်ချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ၊ သွားလာလှုပ်ရှားမှူတွေ လုပ်နေတဲ့အချိန်မှာ သင်ပညတ်တရားကို မချိူးဖောက်ပဲ နေနိုင်လို့လား?

                   ဒါဝိတ်မင်းကြီးက နှလုံးသားအကြွင်းမဲ့နဲ့ ဘာလို့ကိုးကွယ်ခိုင်းနေတာလဲ? ဘာလို့ကျေးဇူးတော်ကို ချီးမွမ်းခိုင်းနေတာလဲ? ချီးမွမ်းထိုက်တဲ့ ဘုရားလို့ ဘာလို့ပြောနေတာလဲ? ပညတ်တရားလက်ထက်မှာ လူတွေက မှားလို့မရဘူး၊ မှားတာနဲ့ လဲကျသေတာပဲ။


“သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင် ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊ ကောင်းကင်စာရင်း၌ ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသော သူတို့ကို တရားစီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ ရောက်သော သူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊ ပဋိညာဉ်တရားသစ်၏ အာမခံတည်း ဟူသော ယေရှုထံတော်သို့၎င်း၊ အာဗေလ၏ အသွေးပြောဆိုသော အရာထက်သာ၍ မြတ်သော အရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။” (ဟေဗြဲ 12:22-24)


                        မောရှေတုန်းက အဲ့ဒီတောင်ကို သွားထိလို့မရဘူး။ တိရိစ္ဆာန်သော်လည်းကောင်း လူသော်လည်းကောင်း အဲ့ဒီတောင်ကို သွားတို့မိတာနဲ့ သေတာပဲ။ ဒါပေမယ့် အခု ပညတ်တရားနဲ့ဆိုင်တဲ့ ပဋိညာဥ်တရားဟောင်းမှာ မရှိတော့ပဲ ပဋိညာဥ် တရားသစ်ကို ယေရှုခရစ်အားဖြင့် အာမခံခဲ့ပြီဖြစ်တယ်။ အဲ့ဒီပဋိညာဥ် တရားထက် သာ၍ထူးမြတ်တာက ဘာလဲဆိုရင် “အာဗေလ၏ အသွေးပြောဆိုသော အရာထက်သာ၍ မြတ်သော အရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။”လို့ ပြောထားတယ်။ ကာဣနက အာဗေလကို သတ်ပြီးဖွက်ထားတယ်။ ဘုရားသခင်က ကာဣနကိုမေးတဲ့အခါ မသိဘူးလို့ ဘုရားကိုလိမ်တယ်။ ဒါပေမယ့် ဘုရားက အာဗေလရဲ့ အသွေးက မြေထဲကနေ သူ့ကိုခေါ်တယ်လို့ပြောခဲ့တယ်။ ဒါဆိုရင် အသွေးက အသက်ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ကို သိစေတယ်။


“ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။ ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား။” (ကမ္ဘာ 4:9-10)


         သူ့ညီကိုသတ်လိုက်တဲ့ ကာဣနက ဘုရားကို လိမ်ပေမယ့် အသွေးက စကားပြောတာ ဘုရားကြားခဲ့တယ်။ ကာဣန ဘုရားကိုလိမ်လို့မရခဲ့ဘူး။ ဒါဆိုရင် ဟေဗြဲ 12:24 မှာပြောထားတဲ့ “အာဗေလ၏ အသွေးပြောဆိုသော အရာထက်သာ၍ မြတ်သော အရာ” ဆိုတာ ယေရှုရဲ့အသွေးကို ပြောတာဖြစ်တယ်။ ယေရှုရဲ့အသွေးက ကျွန်တော်တို့အတွက် စကားပြောပေးနေတယ်။ ယေရှုရဲ့အသွေးတော်က ကျွန်တော်တို့အပြစ်ရှိသမျှကို ဆေးကြောတော်မူပြီ။ ယေရှုရဲ့အသွေးတော်က ကျွန်တော်တို့ကို လွတ်မြောက်စေပြီ။ ယေရှုရဲ့အသွေးတော်က ကျွန်တ်ောတို့ကိုဖြူစင်စေခဲ့ပြီ။ ကျွန်တော်တို့ကို အမင်္ဂလာကနေ မင်္ဂလာဖြစ်စေခဲ့ပြီ။ ယေရှုရဲ့အသွေးတော်က ကျွန်တော်တို့ကို ကျန်းမာစေပြီ။ ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး ယေရှုရဲ့အသွေးတော်အားဖြင့် သင့်ကို အမင်္ဂလာကနေ မင်္ဂလာဖြစ်စေခဲ့ပြီလို့ သင်ဝန်ခံလိုက်တာနဲ့ သင်က ဖြောင့်မတ်သောသူ စင်ကြယ်သောသူ အပြစ်နဲ့ကင်းစင်သောသူ ဖြစ်သွားပြီလို့ ယေရှုရဲ့အသွေးတော်က ကျွန်တော်တို့ကိုယ်စား စကားပြောပေးနေပြီဖြစ်တယ်။ယေရှုရဲ့အသွေးတော်က ကျွန်တော်တို့ကို အာမခံပေးတယ်။ ကျွန်တော်တို့က သာ၍မြတ်သော ပဋိညာဥ် သာ၍မြတ်သော အသွေးနဲ့ ရွေးဝယ်ထားခြင်းခံရသော သူတွေဖြစ်တယ်။ အဲ့ဒီအတွက် ဂုဏ်ယူလိုက်စမ်းပါ။


“မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။” (၁ပေ 1:18-19)


             ယေရှုရဲ့အသွေးက အာဗေလရဲ့အသွေးထက် အသံပိုကျယ်တယ်။ ယေရှုရဲ့အသွေးက လောကရဲ့ ကျိန်ခြင်းအမင်္ဂလာ ဝဋ်ကြွေး ဝဋ်နာ ကျိန်ခြင်းတွေ အားလုံးကို ပယ်ရှင်းပေးနိုင်တဲ့ အသွေးဖြစ်တယ်။ အဲ့ဒီအသွေးတော်ကို ခိုလှုံသော သူတိုင်းအတွက် မင်္ဂလာဖြစ်ရတဲ့ အခွင့်ကို ပြင်ဆင်ထားပေးတယ်။


“ထိုမှတပါး၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာမတူ။ အကြောင်းမူကား၊ တရား စီရင်သောအရာမှာ၊ အပြစ်တခုကြောင့် ဒစ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင်၏။ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ၏။ ကျေးဇူးတော်၏ ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။ထိုကြောင့်၊ တယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။” (ရောမ 5:16-18)


               ဟာလေလုယာ.... ဘုရားရှင်နာမ ဘုန်းကြီးပါစေ။ အသက်ရှင်ပြီး ကယ်တင်ခြင်းရရုံသာမက စိုးစံရတဲ့အခွင့် ကိုပါပေးတယ်။ တစ်ယောက်သောသူ အာဒံရဲ့ နာမခံခြင်း ပြစ်မှားခြင်းကြောင့် လူတွေအားလုံးက အမင်္ဂလာတွေ ဖြစ်သွားခဲ့ရပေမယ့် နောက်ဆုံးအာဒံဖြစ်တဲ့ ယေရှုအားဖြင့် အမင်္ဂလာအားလုံး က မင်္ဂလာပြန်ဖြစ်ရတဲ့အခွင့်ကို ဘုရားရှင်က ပြင်ဆင်ပေးတယ်။ သင့်ကြောင့် သင်က ကောင်းကြီးဖြစ်နေတာ မဟုတ်ဘူး၊ ယေရှုကြောင့်သာ သင်က ကောင်းကြီးဖြစ်နေတာဖြစ်တယ်။

              သင်အကောင်းဆုံးအသက်ရှင်လို့ သင်ကောင်းကြီးခံစားနေရတာမဟုတ်ပါဘူး။ ဘုရားသခင်၌ မှန်ကန်စွာ အသက်ရှင်ခြင်း ကောင်းမွန်စွာ အသက်ရှင်ခြင်း ဆိုတဲ့အရာတွေက အရေးကြီးပါတယ်။ ဥပမာ သင်က တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာ ကိုယ်ချစ်တဲ့သူအတွက် သင်က အကောင်းဆုံးအသက်ရှင်ပေးချင်တာ အကောင်းဆုံး လုပ်ပေးချင်တာ ဖြစ်တယ်။ သင်က ကောင်းကြီးခံစားချင်လို့ အကောင်းဆုံးအသက်ရှင်ပေးနေတာ ဆိုရင်‌တော့ သင်မှားနေပြီဖြစ်တယ်။ သင်ဘုရားကို ချစ်တဲ့စိတ်နဲ့ သင်အကောင်းဆုံးအသက်ရှင်တာပဲ ဖြစ်ရမယ်။ သင်ကောင်းကြီးခံစားရတယ်ဆိုတာလဲ သင့်ကြောင့်ခံစားရတာ လုံးဝမဟုတ်ပါဘူး။ ယေရှုကြောင့် သင်ကောင်းကြီးခံစားရတာ ဖြစ်တယ်။ သင်ဖြောင့်မတ်ခြင်း ရတာလဲ ယေရှုကြောင့်ပဲ ဖြစ်တယ်။


“ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။”(ဖိလိပ္ပိ 4:19)


           သင့်အလိုရှိသမျှကို ပြည့်စုံစေမှာ သင်ကောင်းတာတွေ သိပ်လုပ်နိုင်လွန်းလို့ လုံးဝမဟုတ်ဘူး။ ယေရှုခရစ်အားဖြင့် ပြည့်စုံစေတာဖြစ်တယ်။           

“ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။” (၁ကော15:57)

              သင်အောင်မြင်စွာ အသက်ရှင်နေနိုင်တာလဲ ယေရှုခရစ်တော်အားဖြင့်ပဲဖြစ်တယ်။ ကျေးဇူးတော်ကို ပဲချီးမွမ်းပါ။

“အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည် အကြောင်းတည်း။”(၂ကော5:21)

                ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်သောသူအဖြစ် ရပ်တည်ခွင့်ရနေတာဖြစ်တယ်။ ဒါဆိုရင် ခရစ်ယာန် အသက်တာက ကျေးဇူးတော်ချီးမွမ်းဖို့ပဲဖြစ်တယ်။ သာ၍မြတ်တဲ့ အသွေးတော်နဲ့ ‌ရွေးဝယ်ထားပြီဖြစ်တဲ့ ကျွန်တော်တို့ အသက်တာမှာ ကျန်းမာခြင်း အောင်မြင်ခြင်း လွတ်မြောက်ခြင်း အရာအားလုံးက ယေရှုကြောင့်ဖြစ်တယ်ဆိုတာ နေ့တိုင်းဝန်ခံပါ။ ကိုယ့်ရဲ့နေရာမှန်ကို နားလည်ပြီး ဘုရားသားဖြစ်ရခြင်းအခွင့်ကို နားလည်ပြီး ဘုရားဘုန်းတော်ထင်ရှားခြင်းနဲ့ အသက်ရှင်တတ်သောသူများ ဖြစ်ကြပါစေလို့ ကျေးဇူးတော် အပေါင်းကိုချီးမွမ်းပြီး ဆု‌တောင်းကောင်းကြီးပေးလိုက်ပါတယ်။