Daily Bread

ယေရှုခရစ်တော်နှင့်ဆိုင်သောကြောင့်

April 22, 2024 • Pastor David Lah • 1 Peter 1:18–19, Galatians 3:9, Luke


         ရှေးဦးစွာ ဘုရားသခင်ရဲ့ နာမတော်ကို အထူးပဲ ချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးနဲ့ ဂရုဏာတော်က အစဥ်အမြဲ တည်သောာကြောင့် ဂုဏ်ကျေးဇူးတော်ကို ကျွန်တ်ောတို့ ချီးမွမ်းဖို့ပဲ ဖြစ်တယ်။ အယောက်စီတိုင်းကို သခင်ယေရှုခရစ်တော် နာမ၌ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ဘုရားသခင်ကောင်းမြတ်တယ်ဆိုတာကို ကျွန်တော်တို့ နေ့တိုင်းဝန်ခံကြပါ၊ သင့်ရဲ့နှုတ်ခမ်းအသီးကို ဝစွာစားရတဲ့အဖြစ်ကို ဘုရားသခင် ပြင်ဆင်ပေးလိမ့်မယ်။

                  တစ်ခါတစ်လေ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကို ဝန်ခံနေရင်းနဲ့ အဆိုးရွားဆုံး အခြေအနေတွေ ကြုံတွေ့ရတဲ့အခါမှာလည်း ဆက်ပြီးချီးမွမ်းပါ။ စာတန်ရဲ့ လှည့်စားခြင်းကို မခံယူမိပါစေနဲ့။ ထာဝရဘုရားက ကောင်းမြတ်တဲ့ ဘုရားဖြစ်တယ်ဆိုတာကို နေ့တိုင်းဝန်ခံချီးမွမ်းတာကို စာတန်က မခံစားနိုင်တဲ့အခါ သင့်ကို မချီးမွမ်းနိုင်အောင် ပြုလုပ်လာမယ်။ သင်က ဆက်လက် ကြွေးကြော်နေရင် ဆက်ပြီးဝန်ခံနိုင်ရင် မာရ်နတ်က ရှုံးနိမ့်ရလိမ့်မယ်။ အခြေအနေက မကောင်းပေမယ့် ဘုရားကောင်းမြတ်တယ်။ ဘုရားကောင်းမြတ်ခြင်းကို ဝန်ခံနေသူအတွက် အဲဒီအခြေအနေကို ဘုရားရှင်က ပြောင်းပြန်လှန်ပေးလိမ့်မယ်။ နာမတော်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီး၍ မင်္ဂလာရှိပါစေ။ဟာလေလုယာ...

               အခြေအနေမကောင်းလို့ သင်က ဘုရားကောင်းမြတ်ကြောင်း သင်ဆက်ပြီးမဝန်ခံနိုင်ရင် သင့်ဆီကို ကောင်းကြီးမင်္ဂလာတွေ စီးဆင်းဖို့ ခက်ပါလိမ့်မယ်။ ကျွန်တော်တို့ အသက်တာထဲမှာ နှစ်ပေါင်းများစွာ မသိခဲ့လို့ ရှုံးနိမ့်ခဲ့ကြပြီး။ ကျွန်တော့်အသက် ၁၂ အရွယ် ကျွန်တော့်ဖခင်ဆုံးသွားပြီး အမေလဲအလုပ်လက်မဲ့ဖြစ်ခဲ့တယ်။ နေစရာမရှိဖြစ်ခဲ့ကြတယ်။ ကျွန်တော့်မိခင်က ဘုရားကိုချစ်တဲ့စိတ်တစ်ဖက်မှာ ရှိနေပေမယ့် ပုံမှန်ခရစ်ယာန်တစ်ယောက်ရဲ့ အသက်တာနဲ့ အသက်ရှင်ခဲ့သူဖြစ်တယ်။ အချိန်တန်ရင် ဘုရားကျောင်းသွား ဘုရားကျောင်းမှာ ပါဝင်ဆက်ကပ်ပြီး ဝိုင်းဝန်း လုပ်ဆောင်နေပေမယ့် ဘုရားနဲ့ တကယ်တမ်းကျတော့ မိဿဟာယ မရှိခဲ့ဘူး။ ဒုက္ခတွေကြားမှာ သားသမီးသုံးယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့ ရုန်းကန်နေရင်း ဘာမှ အရာမရောက်ခဲ့ဘူး။ အဲ့ဒီလိုဖြစ်တဲ့အခါမှာ ဘုရားထံတိုးဝင်ဖို့ရာ အကြောင်းဖြစ်လာခဲ့တယ်။ ဘုရားမပါရင်မဖြစ်ဘူးဆိုတာ တဖြည်းဖြည်းနဲ့ကျွန်တ်ော့ရဲ့မိခင်သိလာခဲ့ပြီ။ ဘုရားကို အားကိုးတတ်လာတယ်။ ခိုလှုံတတ်လာတယ်။ အဲ့ဒီအခါမှာ intimate relationship ကို ဘုရားနဲ့ရရှိလာခဲ့ပြီ။ ဒီအခါ သူရရှိသလို သူ့သားသမီးကိုလဲ ရစေချင်ခဲ့တယ်။ မိရိုးဖလာထဲမှာ နှစ်ပေါင်းများစွာနေခဲ့တဲ့ ကျွန်တော်တို့မိသားစုက ဘုရား‌‌ကျောင်းရဲ့ အစီအစဥ်ထဲမှာ ဘာသာရေး လုပ်ဆောင်ချက်တွေထဲမှာ ပုံသေကားချပ် ကျနေခဲ့ပြီဖြစ်တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့နည်းဥပဒေသကို တကယ်နားလည်ပြီး ဘုရားစကားပေါ်မှာ တကယ်ရပ်တည်တတ်လာရင် ယေရှုခရစ်တော်က သင့်ဘဝအတွက် ဘာလုပ်ပေးခဲ့လဲဆိုတာ သင်တကယ်သိသွားရင် သင့်ဘဝကြီးက လုံးဝကြီး ပြောင်းလဲ သွားခဲ့ရတာဖြစ်တယ်။

           ခရစ်ယာန်အသက်တာဆိုတာ သင့်လုပ်‌‌ဆောင်ချက်တွေ အပေါ်မှာ ရပ်တည်ရတာမဟုတ်ပါဘူး။ ခရစ်အသက်တာဆိုတာ ဘုရားစကားအပေါ်မှာ ရပ်တည်ရတာဖြစ်တယ်။ ကျွန်တော်တို့ကို တစ်သက်လုံးဘာသာရေး အယူဝါဒတွေ သင်ပေးခဲ့တာက မင်းအကောင်းဆုံးလုပ်မှဖြစ်မယ် ဆိုတာမျိူး၊ သင်ဘယ်လောက်အကောင်းဆုံးလုပ်နိုင်မလဲ? ဘုရားသခင်မစခြင်းမပါရင် သင်အကောင်းဆုံး လူရှေ့မှာ လုပ်နေပေမယ့် လိမ်နေတဲ့သူတွေချည်းပဲ၊ ဟန်ဆောင်ကောင်းနေတဲ့ လူတွေချည်းပဲဖြစ်တယ်။ တစ်ယောက်မှ ဘုရားသခင်ရှေ့မှာ ပြည့်စုံတယ်ဆိုတာ မရှိဘူး၊ ရှင်ပေါလုကိုယ်တိုင် ပြောခဲ့တာက “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေမူသော ယေရှုခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏”  ဘုရားအတွက် ငါတို့ဘယ်လောက်ထိ ပါဝင်ဆက်ကပ်ပါတယ် လို့သင်ပြောနေပေမယ့် အဲ့ဒါက စစ်မှန်တဲ့မင်္ဂလာ ဖြစ်မလာဘူး။ စစ်မှန်တဲ့ မင်္ဂလာဆိုတာ ဘုရားသခင်က ခရစ်တော်အားဖြင့် ဘာတွေ လုပ်ထားပေးသလဲဆိုတာ သင်သိသွားရင် မင်္ဂလာက စပြီ။ ယေရှုခရစ်တော် လုပ်ဆောင်ပေးခြင်းအပေါ်မှာ ကျွန်တော်တို့ အာရုံစိုက်တတ်ဖို့ အရမ်းအရေးကြီးတာ။

                 ဘုရားက သားတော်ကိုပဲ အာရုံစိုက်တယ်။ ယေရှုခရစ်အားဖြင့် ပဲကျွန်တော်တို့က ဘုရားရဲ့ကျေးဇူးကို ခံစားနေရတာဖြစ်တယ်။ “ငါတို့ သခင်ယေရှုအားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း” လို့ နှုတ်ကပတ်တော်ရှိထားခဲ့ပြီး ဖြစ်တယ်။ “မိမိသားတော်အရင်းကို မနှမြောပဲ စွန့်တော်မူသောသူသည် သားတော်နှင့်တစ်ကွ ခပ်သိမ်းသော အရာတို့ကို ငါတို့အား အဘယ်သို့မပေးပဲ နေတော်မူမည်နည်း” လို့ပြောထားပြီဖြစ်တယ်။

                 ခရစ်တော်အားဖြင့် သာကျွန်တော်တို့က အရာခပ်သိမ်းကို ရနေတာဖြစ်တယ်။ ခရစ်‌တော် လုပ်ဆောင်ပေးခြင်းကို သဘောပေါက်လာရင် ကိုယ်လုပ်ဆောင်တဲ့အရာအားလုံး ဘာမှ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လာမယ်။ သူပေးလို့ သင်ပြန်ပေးနေနိုင်တာဖြစ်တယ်။ သူမစတဲ့အပေါ်မှာ သင် ကပြန်ပြီး မစပေးနိုင်တာ ဖြစ်တယ်။ ကိုယ်ပိုင်တာ တစ်ခုမှ မရှိဘူး။ သင့်မှာ ငွေရှိနေတယ်ဆိုတာ ဘုရားက သင့်ကို မစခြင်းကြောင့်ဖြစ်တယ်။ ဘုရားက သင့်ကို ယုံလို့ ပေးထားတာဖြစ်တယ်။ သူမစခိုင်းတဲ့ နေရာ သူပေးခိုင်းတဲ့နေရာကို သင်က ပြန်ပေးရမှာဖြစ်တယ်။ ငွေရေးကြေးရေး သားသမီး စည်းစိမ်ဥစ္စာ စသဖြင့် သင့်မှာရှိနေတဲ့ အရာခပ်သိမ်းက ဘုရားပဲ ပေးထားတာဖြစ်တယ်။ အဲ့ဒါကို သ‌ဘောမပေါက်ပဲ ငါ့စည်းစိမ် ငါ့အောင်မြင်ခြင်း လုပ်တဲ့သူတွေက ကျဆုံးမှုနဲ့ရင်ဆိုင်ရတယ်။

                      ကျွန်တော့်မိသားစုထဲမှာ ကျွန်တော့်အားဖြင့် စပြီးမင်္ဂလာဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကြောင့် မဟုတ်ဘူး ကျွန်တော်လုပ်နိုင်လို့ မဟုတ်ဘူး၊ ခရစ်တော်အားဖြင့် ဘုရားလုပ်ပေးနေတာကို ကျွန်တော် သိပြီး နာခံလိုက်လျှောက်ခဲ့လို့ဖြစ်တယ်။ ယေရှုခရစ်တော်အားဖြင့် မင်္ဂလာတွေ ပြင်ဆင်ပေးထားပြီးသား ဖြစ်တယ်။

               လုကာ 13ကို ဆင်ခြင်တဲ့အခါမှာ ယေရှုခရစ်တော်က တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နတ်စွဲပြီး ရောဂါနှိပ်စက်ခြင်းကို ခံနေရတဲ့ ကျောကုန်းနေတဲ့ မိန်းမကိုခေါ်ပြီး လက်တင်ဆုတောင်းပေးလိုက်တဲ့အခါ ရောဂါပျောက်ကင်းသွားတယ်။ အဲ့ဒါကိုမြင်တဲ့ တရားဇရပ်မှူးက တစ်ပတ်မှာ အလုပ်လုပ်တဲ့ရက်၆ရက်ရှိတာမို့ အဲ့ဒီ ၆ရက်မှာ အနာငြိမ်းခြင်းကို လုပ်နိုင်တယ်။ ဥပုသ်နေ့မှာ လာမလုပ်နဲ့လို့ ပရိတ်သတ်ကိုပြောတာတွေ့ရတယ်။ လူတွေကို ဘာသာထဲမှာပဲ ကြိုးစားကြလို့ ပြောနေတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့လုပ်ရပ်ကို တွေ့ရတယ်။ ဘုရားရဲ့လုပ်ဆောင်ပေးခြင်းကြောင့် လွတ်မြောက်ခြင်းအခွင့်ကို ရသွားတာမျိူးကို မကြိုက်တဲ့ ဘာသာရေးခေါင်းဆောင်တွေ ဖြစ်တယ်။

                                        ဒီကနေ့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေထဲမှာလည်း အများကြီးတွေ့ရတယ်။ ကလျက်ခုန်လျက် ချီးမွမ်းဖို့ ဒါဝိတ်ကပြောထားပြီးသား၊ ကလျက်ခုန်လျက် ချီးမွမ်းတာကို မကြိုက်တော့ရင် သင်ဒီကျမ်းစာကို မဖတ်တော့နဲ့။ ငြိမ်ဝပ်စွာ နေရမယ့်အချိန်ရှိသလို ကလျက်ခုန်လျက် ချီးမွမ်းရမယ့်အချိန်လဲ ရှိတယ်၊ လူတစ်ယောက်က လွတ်မြောက်လာပြီး မကမခုန်ပဲ မနေနိုင်ဘူး။ မောရှေက ဣသရေလလူမျိူးတွေကို အဲဂုတ္ထုပြည်ကခေါ်ဆောင်လာပြီး ပင်လယ်ဖြတ်ရတဲ့အခါ မောရှေနဲ့ ဣသရေလလူမျိူးတွေအတွက် ဘုရားသခင်က ပင်လယ်ကို နှစ်ခြမ်းခွဲပြီး ကျော်ဖြတ်စေခဲ့တယ်။ ဖာရောဘုရင် လိုက်လာတဲ့အခါမှာ ပင်လယ်ကပြန်ဆက်သွားပြီး ဖာရောဘုရင်ရဲ့စစ်တပ်ကို ရှုံးနိမ့်သွားစေခဲ့တယ်။ ဣသရေလ လူမျိူးတွေက တစ်ဖက်ကမ်းရောက်တဲ့အခါမှာ လွတ်‌မြောက်ခြင်းအခွင့်အတွက်  မိရိအံဦးဆောင်ပြီး ကလျက်ခုန်လျက် ချီးမွမ်းခဲ့ကြတယ်။

               ဒီအမျိူးသမီးကို ကြည့်ကြတဲ့အခါ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး ဒီလိုဖြစ်ရခြင်းက ဘုရားနဲ့မှားလို့ ဘယ်လောက်ပဲ ဆုတောင်းပေးပါစေ မပျောက်နိုင်ဘူး။ ဘုရားကျောင်းဘယ်လောက်လာနေပါစေ ပျောက်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအမျိူးသမီးက ဘုရားနဲ့မမှန်လို့ဖြစ်တယ်လို့ ပြောကြတယ်။ ပညတ်တရား အောက်ကနေ ကြည့်ကြတယ်။ ယေရှုခရစ်တော်ကတော့ ဒီအမျိူးသမီးကို ကြည့်တဲ့အခါ အာဗြံဟံရဲ့သမီးဖြစ်တယ်လို့ ပြောခဲ့တယ်။ သူမရဲ့အထဲမှာ ယုံကြည်ခြင်းရှိတယ်ဆိုတာ ယေရှုက သိမြင်ခဲ့တယ်။ အာဗြံဟံရဲ့သမီး ၊ယုံကြည်ခြင်းဖခင်ရဲ့သမီး ဆိုတာ ယေရှုပြောခဲ့တာ ကျေးဇူးတရားကြောင့်ဖြစ်တယ်။

                    ဇက္ကဲ ရဲ့အိမ်ကို ယေရှုသွားခြင်းကလည်း ဇက္ကဲရဲ့ယုံကြည်ခြင်းကြောင့်ဖြစ်တယ်။ ဤသူသည် အာဗြံဟံ၏ သားဖြစ်သည်နည်းတူလို့ ပြောခဲ့တယ်။ ပညတ်တရားအရ ဇက္ကဲက ကျေးဇူးပြုခြင်းမခံထိုက်တဲ့သူ ဖြစ်တယ်။ အာဗြံဟံရဲ့အနွယ် ဖြစ်တဲ့အတွက် လွတ်မြောက်ခြင်းအခွင့်ကို ပေးခဲ့တယ်။


“မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။” (၁ပေ 1:18-19)


                သန့်ရှင်းပြီး အပြစ်တင်ခြင်းနဲ့ ကင်းလွတ်တဲ့  ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့ကို ရွေးဝယ်ထားပြီဖြစ်တယ်။ ဒီကနေ့ ကျွန်တော်တို့က ယေရှုခရစ်တော်သည် မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံတဲ့ ကျွန်တော်တို့က စုံလင်ခြင်း အဖြစ်ကို ရရှိသွားတယ်။ အာဗြံဟံအားဖြင့် ကျောကုန်းနေတဲ့မိန်းမ လွတ်မြောက်သွားတယ်။ အာဗြံဟံအားဖြင့် ဇက္ကဲက လွတ်မြောက်ခဲ့တယ်။ ဒီကနေ့ ကျွန်တော်တို့က ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ သခင် ကျွန်တော်တို့ရဲ့အရှင် ဖြစ်တယ်ဆိုတာ သင်ဝန်ခံရင် အာဗြံဟံအားဖြင့် ကျောကုန်းအမျိူးသမီးလွတ်သလို ဇက္ကဲလွတ်သလို ကျွန်တော်တို့က ယေရှုခရစ်တော်အားဖြင့် လွတ်မြောက်ခြင်းအခွင့် ရရှိပြီဖြစ်တယ်။ မင်္ဂလာရှိသောသူဖြစ်တယ်။


“သို့ဖြစ်၍ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏။” (ဂလာတိ 3:9)


        ခရစ်တော်၌သင်က ဘယ်လောက်ထိ ချီးမြှောက်ခြင်းခံရမလဲဆိုတာ သင်သိပြီး တစ်နေ့ပြီးတစ်နေ့ သင်ဘုရားသခင်ကို စိတ်ချစွာ ချီးမွမ်းကိုးကွယ်တတ်လာရင် သင့်အသက်တာမှာ စုံလင်ခြင်းရှိပြီဖြစ်တယ်။ သင့်အနာဂတ်မှာ အံ့သြဖွယ်ရာ ဘုရားမစခြင်းကို သင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အယောက်စီတိုင်းကို ဘုရားရှင်ကောင်းကြီးပေးပါစေ။