Daily Bread

နိုင်ငံတော်တည်ထောင်ပါစေသော

April 19, 2024 • Pastor David Lah • John 15:16, Matthew 6:10, Matthew 16:24


                      အားလုံးပဲမင်္ဂလာပါ။ ဘုရားသခင်က အချိန်တိုင်းမှာ ကောင်းမြတ်ပြီး သစ္စာဂရုဏာနဲ့ ပြည့်စုံတဲ့ဘုရားဖြစ်တဲ့အတွက် ထိုဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီကနေ့ ကျွန်တော် ဝေငှချင်တဲ့ နှုတ်ကပတ်တော်ကတော့ မဿဲ 6 မှာ ပါရှိတဲ့ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (မဿဲ 6:10) ဆိုတဲ့ ဆုတောင်းပဌါနာ ကိုဝေငှချင်ပါတယ်။

                 နိုင်ငံတော်တည်ထောင်ခြင်းဆိုတဲ့ စကားကိုတွေ့ရတယ်။ အသက်တာမှာ နှုတ်ကပတ်တော်ကို ပိုင်းခြားမသိရင် စာတန်က ရှုပ်ထွေးအောင် လုပ်တတ်တယ်။ ယုံကြည်သူကနေ တပည့်တော်အဆင့်ကို တက်လှမ်းဖို့ ဘုရားသခင်က အလိုတော်ရှိတယ်။ ယုံကြည်သူတွေ အများကြီးရှိပေမယ့် ဘုရားသခင်ရဲ့နက်နဲတဲ့ အရာတွေကို သိခွင့်ရတာက တပည့်တော် အဆင့်မှာမှ သိခွင့်ရတာဖြစ်တယ်။ ယေရှုခရစ်တော်က ကောင်းကင်ဘုံကို မတက်ကြွခင်မှာ ပြောခဲ့တာက “သွား၍ လူမျိူးတကာတို့ကို ငါ့တပည့်ဖြစ်စေခြင်းငှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်တော် နာမ၌ ဗတ္တိဇံ ပေးကြပါ” လို့ မိန့်မှာခဲ့တယ်။ ယုံကြည်သူဖြစ်စေခြင်းငှာလို့ မပြောခဲ့ဘူး။

                   တပည့်တော်နဲ့ ယုံကြည်သူက ဘယ်လိုကွာခြားသလဲဆိုတာ ကျွန်တော် ပြောပြသွားချင်ပါတယ်။ နိုင်ငံတော်တည်ထောင်ပါစေ အလိုတော်က ကောင်းကင်ဘုံမှာ ပြည့်စုံသလို မြေကြီးပေါ်မှာ ပြည့်စုံပါစေလို့ ပြောခဲ့တာက ကျွန်တော်တို့ အသက်တာထဲမှာ ဘုရားရဲ့နိုင်ငံတော်ကို တည်ထောင်ချင်တာ ဖြစ်တယ်။ ကောင်းကင်မှာ ဘုရားရဲ့အလိုတော် ပြည့်စုံသလို မြေကြီးပေါ်မှာ လည်း ဘုရားရဲ့အလိုတော်ကို ပြည့်စုံစေချင်တာ ဖြစ်တယ်။ သင့်အသက်တာထဲမှာ ဘုရားသခင်က ဝင်ရောက်ပြီး အုပ်စိုးတာဖြစ်တယ်။ သင့်အလိုအတိုင်း အသက်ရှင်နေတာ မဟုတ်‌တော့ပဲ ဘုရားအလိုတော်အတိုင်း ဘုရားရဲ့အုပ်စိုးခြင်းကို ခံယူလိုက်တာဖြစ်တယ်။ ဘုရားကို ဝန်ခံတဲ့အသက်တာ ဖြစ်သွားတဲ့အခါ နိုင်ငံတော်တည်ထောင်နိုင်မှာ ဖြစ်တယ်။အဲ့ဒီအခါကျမှ ဘုရားရဲ့အလိုတော်က ကောင်းကင်ပေါ်မှာ ပြည့်စုံသလို မြေကြီးပေါ်မှာ ပြည့်စုံလာမှာဖြစ်တယ်။

                      သင့်ကို ဘုရားသခင်က အသွေးနဲ့ရွေးဝယ်ခဲ့တာ သူ့အလိုပြည့်စုံဖို့၊ သင့်ကိုဘုရားသခင်ချီးမြှောက်တာ သူ့အလို ပြည့်စုံဖို့ ၊ သင့်အသက်တာကို ဒီနေ့အချိန်ထိ ဘုရားသခင်ပို့ဆောင်လာတာ သင့်အသက်တာအားဖြင့် မြေကြီးပေါ်မှာ သူ့အလိုပြည့်စုံဖို့ ၊ သင့်ကို အမျိူးမျိူးသော သေခြင်းထဲကနေ ကွယ်ကာခဲ့တာ သင့်အားဖြင့် သူ့အလိုပြည့်စုံစေဖို့ဖြစ်တယ်။

            အသက်တာမှာ ဘုရားကို အားကိုးခြင်းတစ်ခုခြင်းစီတိုင်းက အောင်မြင်ဖို့ သူများနဲ့မတူတဲ့ အသက်တာကို ရဖို့ အားကိုးတတ်ကြတယ်။ သင့်အလိုပြည့်စုံဖို့ သင်ဖြစ်ချင်တဲ့အရာတွေ ဖြစ်လာဖို့ရန်အတွက် ဘုရားကို အားကိုးကြတာက ကောင်းပေမယ့် သင်ဖြစ်ချင်တဲ့အရာတွေ ဖြစ်လာဖို့ ဘယ်လောက်ပဲ သင်ဆု‌တောင်းပါစေ မပေးတော့တဲ့ အချိန်တစ်ချိန်ရောက်လာရင် သင်ဘာလုပ်မလဲ? အဲ့ဒီအဆင့်ကို သွားစေချင်တာဖြစ်တယ်။

                        ဘုရားက သင့်ရဲ့အထဲကနေ အလုပ် လုပ်သွားချင်တာဖြစ်တယ်။ သင့်ရဲ့အလိုကို ပြည့်စုံဖို့ သူလုပ်ပေးတဲ့အချိန် ရှိသလို သူ့အလိုကို ပြည့်စုံဖို့ လုပ်ပေးတဲ့အချိန် ရောက်လာတဲ့အခါကျရင် သူ့အလိုပြည့်စုံဖို့ သင့်အလိုကို ငြင်းပယ်ရတဲ့ အချိန်တစ်ခု ရောက်လာမယ်။ အဲ့ဒါကို ဘုရားသခင်က သူအရမ်းချီးမြှောက်မယ့် သူတိုင်းကို သင်ပေးတယ်။ ချီးမြှောက်ခံရတဲ့ သူတိုင်းက အဲ့ဒီအဆင့်ကို ကျော်ဖြတ်ရတယ်။

                          ယေရှုခရစ်တော်က မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို ချီးမွမ်းပြီး ဖဲ့ပေးနေတဲ့အချိန်မှာ အဲ့ဒီမုန့်နဲ့ငါးက ပွားနေတယ်။ ယေရှုခရစ်တော်ရဲ့ ဆုတောင်းသံကို ဘုရားက နားညောင်းပေးနေတာဖြစ်တယ်။ လာဇရု သင်္ချိူင်းမှာ သေပြီး မြေမြုပ်ထားခဲ့တာ လေးရက်ရှိပြီ။ ယေရှုရစ်တော်က ကောင်းကင်ကို မော့ကြည့်ပြီး ဒီလူတွေရှေ့မှာ ခမည်းတော်စေလွှတ်တဲ့သူ ဖြစ်ကြောင်းသိစေဖို့ ဒီအမှုအရာမှာ မစဖို့ ဆုတောင်းတဲ့အခါမှာ ဘုရားကနားညောင်းပြီး လာဇရုကို ယေရှုခရစ်တော်အားဖြင့် ပြန်ရှင်စေခဲ့တယ်။ ယေရှုက ကားတိုင်ပေါ် တက်ခါနီးမှာ “ဤခွက်သည် အကျွန်ုပ်မှ လွန်နိုင်လျင် လွန်သွားပါစေ” လို့ဆုတောင်းတယ်။ သူလုံးဝမသွားချင်ခဲ့ဘူး။ ဒါပေမယ့်ယေရှုက No Cross, No Crown ဆိုတာသိတယ်။ သူဆက်ပြီးည ဆုတောင်းခဲ့တာက “သို့သော် ကျွန်ုပ်အလိုအတိုင်း မဖြစ်ပါစေနဲ့ ကိုယ့်တော့်အလိုအတိုင်းဖြစ်ပါစေ” လို့ သူဆုတောင်းခဲ့တယ်။

                          ရှင်‌ပေါလုက သူမသွားနိုင်လို့ သူ့ရဲ့ပုဝါလေးနဲ့ တင်ခိုင်းလိုက်ခြင်းအားဖြင့် အနာရောဂါကို ပျောက်စေနိုင်ဖို့ ဘုရားက အခွင့်ပေးခဲ့တယ်။ ရှင်ပေါလုရဲ့ တရားဟောပွဲမှာ ဥတုခု ဆိုတဲ့သူက အိမ်သုံးထပ်အဆင့် ကနေ ပြုတ်ကျပြီး သေသွားတဲ့အခါမှာ ရှင်ပေါလုက လက်တင် ဆုတောင်းပေးခဲတဲ့ အခါမှာ ဥတုခု အသက်ပြန်ရှင်ခဲ့တယ်။ ဒါပေမယ့် ရှင်ပေါလုက သူ့ခန္ဓာကိုယ်မှာ ဆူးနေတဲ့စူးကြောင့် သူမခံစားနိုင်လို့ ဒီရောဂါ ပျောက်ဖို့အတွက် သူဆုတောင်းတဲ့အခါမှာ သုံးကြိမ်တိုင်တိုင် အချိန်ယူပြီး ဘုရားနဲ့ ဆုတောင်းသော်ငြားလည်း သူလိုချင်တဲ့ အဖြေကို မရခဲ့ဘူး။ ရှင်ပေါလု ဆုတောင်းနေခဲ့တာ သူ့ရဲ့အလို သူ့ရဲ့ရောဂါကို ပျောက်စေချင်လို့ သူဆုတောင်းနေခဲ့တာ ဖြစ်တယ်။

                        နောက်အဆင့်တစ်ခုကို ဘုရားက တက်စေချင်တဲ့အခါမှာ သင့်ရဲ့အလိုအတိုင်း ဘုရားကမပေးတော့ပဲ သူ့ရဲ့အလိုပြည့်စုံဖို့ သင့်အလိုကို ငြင်းပယ်တဲ့အချိန်ရောက်လာမယ်။ သင်က “နိုင်ငံတော်တည်ထောင်ပါစေ အလိုတော်က ကောင်းကင်ဘုံမှာ ပြည့်စုံသလို မြေကြီးပေါ်မှာ ပြည့်စုံပါစေ” လို့ ဆုတောင်းမယ်ဆိုရင်တော့ “ဤခွက်သည် အကျွန်ုပ်မှ လွန်နိုင်လျင် လွန်သွားပါစေ” ဆိုတဲ့ ယုံကြည်သူအဆင့်လောက် ဆုတောင်းချက်နဲ့ ရပ်သွားလို့ မရဘူး။ တပည့်တော်အဆင့် တက်လှမ်းတော့မယ် ဆိုရင်တော့ ဆုတောင်းချက်က ကွာသွားပြီ။ တောင်းရင် ရကို ရမယ်ဆိုတဲ့ ယုံကြည်သူရဲ့ အဆင့်ရှိခဲ့သလို တောင်းတိုင်း မရတော့မယ့် အဆင့်ကို ဘုရားက ဆွဲထုတ်တော့မှာ ဖြစ်တယ်။ သင့်အထဲမှာ နိုင်ငံတော် တည်ထောင်ဖို့ အတွက်ဆိုရင် သင့်ရဲ့ “ငါ” ကိုဘုရားက ရအောင်ဖယ်တယ်။ သင်က “ငါ” ဆိုတဲ့ အရာကို သင်ဖယ်နိုင်ပြီဆိုရင် ဘုရားရဲ့နိုင်ငံတော် တည်ထောင်ဖို့ အတွက် သင်ဆုတောင်းပါ။ သင်ဖြစ်ချင်နေတဲ့ ငါ့မိသားစုရေး ငါ့ရဲ့လူမှုရေး ငါ့ရဲ့စီးပွားရေးဆိုတဲ့ ငါဆိုတဲ့ အရာတွေက ဘုန်းတော်ကို ချိူးချတာဖြစ်တယ်။

“ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” (မဿဲ16:24)

               ဆုတောင်းတာကို မပေးတော့တဲ့အချိန်မှာ ဘုရားသခင်က ငါနားမလည်နိုင်တဲ့အရာကို လုပ်နေပြီး ငါ့ကို ဘုရားက နောက်ထပ်အဆင့် တစ်ခုကိုဆွဲတင်တော့မယ် ဆိုပြီး သင်စိတ်ချယုံကြည်ပါ။ သင်မမြင်ဖူးတဲ့ သင်မရဖူးတဲ့ အဆင့်ကို ဘုရားက ဆွဲတင်ဖို့အတွက် သင်လိုချင်တဲ့ ဆုတောင်းချက်တွေကို ဘုရားက ပေးမှာမဟုတ်ဘူး။

“သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။” (ယောဟန် 15:16)

                   သင့်အသက်တာက စစ်မှန်သော တပည့်တော်ဖြစ်ဖို့ သင့်ကိုယ်သင် ငြင်းပယ်ရမယ်။ အဲ့ဒီအထဲမှာ ဝမ်းနည်းခြင်းတွေရှိမယ်၊ ချိူးဖဲ့ခြင်းတွေရှိမယ်၊ နာကျင်ခြင်းတွေ ရှိမယ်။ သင့်အနေနဲ့ သိပ်နာကျင်ရလိမ့်မယ်။ ဒါပေမယ့် မျိူးစေ့ကောင်းထွက်လာဖို့က သင့်ရဲ့မာကြောနေတဲ့ အခွံတွေကို ခွဲထုတ်ခြင်း ထုထောင်းခြင်း ဖျက်ဆီးခြင်း ခံရမယ်။ သင့်အနေနဲ့ အရမ်းနာကျင်ရပါလိမ့်မယ်။ အခွံမာတွေကို ခွာနေတဲ့အချိန်မှာ သင်နာကျင်လွန်းလို့ မခံနိုင်ပဲ ဘုရားကို တောင်းလျှောက် အော်ဟစ်နေပေမယ့် ဘုရားက သင့်ကို ငါ့သား ငါ့သမီး ခဏစောင့်ပါ ၊ မကြာခင်မှာ အညှောင့်လေး ထွက်လာတော့မယ်။ သိပ်ကောင်းတဲ့ အပင်လေး မင်းဆီမှာ ပေါ်ထွက်လာ‌တော့မယ်။ မကြာခင်မှာ များစွာသော တည်ကြည်တဲ့အသီးတွေ ထွက်လာတော့မယ်လို့ ဘုရားက သင့်ကို ပြောနေပါမယ်။ မြေကြီးရဲ့ဖိအားလို နာကျင်မှုတွေ ချိူးဖဲ့ခြင်းတွေကို တွန်းကန်ပြီး အသစ်တစ်ဖန် ထွက်ပေါ်လာမယ့် သင့်အသက်တာက ဘုရားနိုင်ငံတော် တည်ထောင်စေခဲ့ပြီ။

                   တစ်ခါတစ်လေ သင့်ကို comfort zone ထဲကနေ ဘုရားသခင်က ဆွဲထုတ်တဲ့အချိန်ရှိပါတယ်၊ ဒါပေမယ့် သင်စိတ်ဓါတ်မကျပါနဲ့၊ ဘုရားသခင်က သင့်အတွက် အကောင်းဆုံးကို ပြင်ဆင်ထားပြီးသားဖြစ်တယ်။ ဘယ်အချိန်မှ သိရလဲဆိုရင် အသီးက ကွဲအက်ပြီး အတွင်းကမျိူးစေ့ အပင်ပေါက်လာတဲ့အခါ တည်ကြည်သောအသီးကို သီးနိုင်လာချိန်မှာ ကျေးဇူးတင်လိုက်တာ ကိုယ်တော်ရယ် လို့ သင်ချီးမွမ်းနိုင်ခဲ့ပြီ။ သင့်အထဲမှာ ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်ပါစေ ၊ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာလည်း သင့်အားဖြင့် ဘုရားအလိုတော် ပြည့်စုံပါစေ။ မျက်ရည်ကျပြီး စိုက်ခဲ့ရပေမယ့် ဝမ်းမြောက်စွာ ရိတ်သိမ်းရတဲ့ ကောက်လှိုင်းတွေအတွက် ဘုရားသခင်ရဲ့ အလိုတော်ကို ပြည့်စုံစေသူများ ဖြစ်ကြပါစေ။ အယောက်စီတိုင်း ဘုရားသခင်ရဲ့ နိုင်ငံတော်ကို တည်ထောင်ခွင့် ရသူများဖြစ်ကြပါစေ။