Daily Bread

ရိတ်သိမ်းခြင်း

April 24, 2024 • Pastor David Lah • Deuteronomy 11:14, Jeremiah 5:23–24, John 2:24, Joel 2:24, Acts 2:15–18


              ဒီကနေ့မှာ ကျွန်တော်ဝေငှချင်တဲ့ အကြောင်းအရာလေးက ရိတ်သိမ်းခြင်းဆိုတာ ဖြစ်ပါတယ်။ ရိတ်သိမ်းရာကာလမှာ မရိတ်သိမ်းသောသူက ဘုရားသခင်ဘုန်းကို ရှုတ်ချသူဖြစ်တယ်။ ကျမ်းစာထဲမှာတော့ ရိတ်သိမ်းခြင်းဆိုတာ မိုး နဲ့ အမြဲတမ်း တွဲနေပါတယ်။ မိုးတောင်မှ ရိုးရိုးတန်းတန်းမိုး မဟုတ်ပါဘူး။  အရင်မိုးနဲ့ နောက်မိုး လို့ပြောထားတာတွေ့ရတယ်။ အရင်မိုးနဲ့နောက်မိုးပြီးတဲ့အခါမှာ ရိတ်သိမ်းခြင်းကာလ လာတာတွေ့တယ်။ မိုးမရွာပဲနဲ့ ဘယ်တော့မှ ရိတ်သိမ်းခြင်းမရှိပါဘူး။


“သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့် ဆိုင်သော မိုဃ်းရေကို ငါပေးမည်။” (တရားဟော 11:14)


မိုးမရွာရင် မြေက စိုက်ပျိူးနိုင်တဲ့မြေမဖြစ်ဘူး။ ဘယ်လောက်ပဲကြိုးစားစိုက်ပါစေ အသီးအနှံမဖြစ်ထွန်းဘူး။ မင်းတို့တိုင်းပြည်မှာ ကြွယ်ဝစွာ ရိတ်သိမ်းနိုင်ဖို့  မင်းတို့ပြည်နဲ့ဆိုင်တဲ့ မိုးကို ရွာစေမယ်လို့ပြောထားတာဖြစ်တယ်။  အရင်မိုးဆိုတာက မြေကြီးကို စိုစွတ်စေပြီး မြေသားကို နူးညံ့သွားအောင် လုပ်ပေးတယ်။ ပထမမိုးက မြေကြီးကို တူးဆွလို့ ရအောင် မြေသြဇာ ကောင်းကောင်း ထည့်လို့ရတဲ့ မြေဖြစ်ဖို့ ရွာသွန်းစေတာဖြစ်တယ်။ ပြီးတော့ နောက်ရွာလာတဲ့မိုးက အပင်ကို ရေဝအောင် စုပ်ယူနိုင်တဲ့အတွက် အပင်ကြီးထွားအပြီး အသီး သီးဖို့အတွက် ဖြစ်တယ်။ ဒါတွေပြီးတဲ့နောက်မှာ ရိတ်သိမ်းရတော့မှာ ဖြစ်တယ်။ အရင်မိုး နောက်မိုး မရပဲနဲ့ အသီးအနှံကို ရိတ်သိမ်းဖို့ ခက်တယ်ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။


“သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည်။အချိန်တန်မှ အရင်မိုဃ်းနှင့် နောက်မိုဃ်းကို ရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာ ကာလကို ငါတို့အဘို့ သိုထားတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရား ကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။” (ယေရမိ 5:23-24)


                      ဒီကျမ်းစာထဲမှာ အရင်မိုး နဲ့ နောက်မိုးကို ရွာစေနိုင်တဲ့ ဘုရားရှင် ရှိတယ်ဆိုတာ ဒီလူမျိူးတွေ မသိကြဘူး လို့ရေးထားတာတွေ့ရတယ်။ ကောင်းကြီးမင်္ဂလာကို ဖြစ်စေတဲ့ အရင်မိုးနဲ့နောက်မိုးကို ရွာစေပြီး အသီးအနှံတွေကို သိုထားပေးပြီးသား  ဘုရားရှင်ကို တစ်ခုလေးပဲ ငါတို့လုပ်ရမှာ ဝန်ခံတတ်တဲ့ အသက်တာဖြစ်ဖို့ သူတို့စိတ်နှလုံးထဲမှာ မရှိဘူးကွာ တဲ့။ ကျမ်းစာမှာ သတိထားကြည့်ရင် ရိတ်သိမ်းခြင်းရဲ့ အရှေ့မှာ ရွာသွန်းခြင်းက အမြဲပါနေတယ်။ ဘာရွာတာလဲ? အရင်မိုးနဲ့နောက်မိုး အမြဲတမ်း ကပ်ပြီးပါနေတယ်။  

                      အပင်စိုက်လို့ ရတဲ့မြေဖြစ်ဖို့ ပထမ မြေကြီးပျော့ပြီးနူးညံ့အောင် အရင်မိုးကို ရွာစေတယ်။ ပထမ အရင်မိုး ရွာသွန်းပြီးတဲ့အခါမှာ မျိူးစေ့ကို ချလို့ရပြီဖြစ်တယ်။ အပင်လေးတွေ နည်းနည်း စထွက်ပြီး အညှောင့်ပေါက်လာတဲ့အခါမှာ တားလို့တောင်မရနိုင်တဲ့ နောက်မိုးကိုရွာစေတယ်၊ နောက်မိုးရွာခြင်းက ပေါက်လာတဲ့အပင်တွေကို ကြီးထွားရန်အတွက် အသီးသီးရန်အတွက် ပြင်ဆင်ပေးတာဖြစ်တယ်။ ဘာကို ပုံဆောင်တာလဲ ဆိုတာကို ဒီနေ့နားလည်ဆင်ခြင်စေချင်ပါတယ်။


                        “အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည်။ ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။”(ယောလ 2:24)


ဒီမှာပြောထားတဲ့ ဓမ္မဆရာဆိုတာ သန့်ရှင်းသောဝိညာဥ်တော်ကို ပြောတာဖြစ်တယ်။ စပါး စပျစ်ရည်နဲ့ ဆီတွေက လျှံထွက်မယ် လို့ပြောထားတာတွေ့ရတယ်။


“ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။” (ယောလ 2:24)


            ဝိညာဥ်တော်ကို ငါသွန်းလောင်းမည်လို့ ကျမ်းစာထဲမှာ တွေ့ရတယ်။ မိုးရွာသွန်းခြင်းဆိုတာ ဝိညာဥ်တော် သွန်းလောင်းခြင်းကို ပြောနေတာဖြစ်တယ်။ ဝိညာဥ်တော်ရဲ့မစခြင်း ဝိညာဥ်တော်ရဲ့ သွန်းလောင်းခြင်း ဝိညာဥ်တော်ရဲ့ ဖြည့်ဆည်းပေးခြင်း မရှိပဲနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မပြောင်းလဲနိုင်ဘူး။ ဘယ်သူမှလည်း ရိတ်သိမ်းခြင်း ကာလဆိုတာ ကို ရမှာမဟုတ်ဘူး။


               ခုနက ကျွန်တော်ပြောခဲ့ပြီးပြီဖြစ်တယ်။ မိုးရွာခြင်းမရှိရင် ရိတ်သိမ်းခြင်းမရှိဘူး။ ဘာဖြစ်လို့ မိုးရွာရတာလဲဆိုတော့ အပင်စိုက်လို့ရအောင် မျိူးစေ့ကို အဆင်သင့် ဖြစ်နေအောင် ပထမမိုးကရွာသွန်းပေးမယ်။ မိုးရွာပြီးရင် လယ်သမားက သူလုပ်ရမယ့် အရာတွေ သူလုပ်ဆောင်ပြီဖြစ်တယ်။ အပင်လေးတွေ စထွက်လာတဲ့အခါ နောက်မိုးက အပင်ကြီးထွားပြီး အသီးများစွာ သီးဖို့ရန်အတွက် ရွာပေးပြီဖြစ်တယ်။ နောက်မိုးရွာပြီး သိပ်မကြာဘူး သင်က ရိတ်သိမ်းရတော့မယ်။  ဒါကို ရှင်ပေတရုက တမန်တော်ဝတ္ထုမှာ ပြန်ပြောထားတာတွေ့ရတယ်။


“ယခုအချိန်ကားနံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။ ဤအရာကားပရောဖက်ယောလဟောဘူးသောအရာ ဖြစ်သတည်း။ ဟောဘူးအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း မည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသော သူတို့သည်လည်း နိမိတ်အိမ်မက်တို့ကို မြင်ရကြလိမ့်မည်။ ထိုကာလ၌လည်း ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့ အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါ သွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။”( တမန်တော်2: 15-18)


အဲဒါက ပထမမိုးကိုပြောနေတာဖြစ်တယ်။ ပထမဆုံးတမန်တော်တွေအပေါ်မှာ သန့်ရှင်းသောဝိညာဥ်တော် သွန်းလောင်းတဲ့ အခါမှာ လူသုံးထောင် ပြောင်းလဲခဲ့တယ်။ ဟာလေလုယာ ဘုရားနာမဘုန်းကြီးပါစေ။ အဲ့ဒါက အစဖြစ်တယ်။ နောက်မိုးရွာသွန်းခြင်း ဆိုတာက ၁၉၀၀ ခုနှစ်မှာ Topeka kansas  ဆိုတဲ့မြို့လေးက ကျမ်းစာကျောင်းတစ်ကျောင်းမှာ ကျောင်းလာတက်တဲ့ အမျိူးသမီးလေးက ကျမ်းစာကျောင်းက ဆရာတွေကို ဘာပြောခဲ့လဲဆိုတော့၊ ကျမ်းစာထဲမှာ လက်တင်ပြီးတော့ ဆုတောင်းပေးတဲ့အခါ အနာရောဂါငြိမ်းတာကို တွေ့ရတယ်။ ကျမ်းစာထဲမှာပဲ ရှိတာမျိူး ကျမက မဖြစ်ချင်ဘူး။ ဒါကြောင့် ဆရာတို့ လက်တင်ဆုတောင်းပေးရင် ဖြစ်ကို ဖြစ်ရမယ်လို့ ကျမယုံကြည်တယ်လို့ သူ့ဆရာတွေကို ပြောတဲ့အခါ ဆရာတွေကတော့ မယုံဘူး။ ဒါပေမယ့် သူမက ယုံတယ်။ ဆရာတို့ လက်တင်ဆုတောင်းပေးပါလို့ ပြောတဲ့အခါမှာ ဆရာတွေကလည်း နှုတ်ကပတ်တော်ထဲမှာတော့ ရှိတာပဲဆိုပြီး အားလုံးက လက်တင်ပြီးစဆုတောင်းတဲ့ အချိန်မှာ အဲ့ဒီအမျိူးသမီးလေးဆီမှာ ဝိညာဥ်တော်က ဆင်းသက်ပြီး သူတို့အထဲမှာ ဝိညာဥ်တော်စတင်လှုပ်ရှားလာတယ်။ ဒုတိယမိုးက စတင်လှုပ်ရှားလာတယ်။ ၁၉၀၄ ခုနှစ်မှာတော့ အဇူဇာ နိုးထမှုဆိုတာ စဖြစ်လာတယ်။ အဇူဇာ နိုးထမှုကို စဖြစ်စေခဲ့တဲ့သူက အာဖရိကန်လူမျိူးဖြစ်တယ်။ မက်သဒစ် ကနေလာတာဖြစ်တယ်။ ဒါပေမယ့် သန့်ရှင်းသောဝိညာဥ်တော် ဆင်းသက်လာတဲ့အခါ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ လုပ်ဆောင်မှူနောက်ကို သူလိုက်တဲ့အခါ သူ့ဂိုဏ်းဂဏ ကသူ့ကို ထုတ်ပယ်လိုက်တယ်။ ပယ်ခံထိပေမယ့်လဲ သူက အဇူဇာနိုးထမှုပွဲကို လုပ်တဲ့အခါ ကြီးမားသောနိုးထမှုကြီးက ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ စပြီးတော့ဖြစ်ခဲ့တယ်။အဇူဇာနိုးထမှုဖြစ်ခဲ့တဲ့ အဇူဇာလမ်းဆိုတာ အခုထိရှိနေခဲ့တယ်။ အဲ့ဒီကနေ စလိုက်တဲ့အရာကနေ အခုကျွန်တော်တို့ ခေတ်ကို ရောက်ရှိလာပြီဖြစ်တယ်။

              ဒါဆိုရင် ကျွန်တော်တို့ခေတ်က ဘာကာလလဲ ? ရိတ်သိမ်းရာ ကာလဖြစ်တယ် ညီအစ်ကိုမောင်နှမတို့။ အဲ့ဒီရိတ်သိမ်းရာ ကာလထဲမှာ သင်ပါဖို့ရန်အတွက်က ရွာသွန်းနေဆဲဖြစ်တဲ့ နောက်မိုးကို ခံယူကြရအောင်။ မိုးရွာသွန်းခြင်း မရှိပဲနဲ့ ဘယ်တော့မှ ရိတ်သိမ်းခြင်း မရှိဘူးဆိုတာ သတိပြုပါ။ ဝိညာဥ်တော်သွန်းလောင်းခြင်းမရှိပဲ ရိတ်သိမ်းခြင်းဆိုတာလဲ မရှိဘူး။


“ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှယေရှုကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည် စေခြင်းငှါ ငါသတိပေး၏။” (၁ကော 12:3)


သန့်ရှင်းသောဝိညာဥ်တော်ကို လက်မခံပဲနဲ့ယေရှုအကြောင်းသင်မပြောပါနဲ့။ သန့်ရှင်းသောဝိညာဥ်‌တော် မစခြင်းမရှိပဲ ဘယ်သူတစ်ဦးတစ်ယောက်မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ အရင်မိုး နောက်မိုး နှစ်ခုလုံးပေါင်းပြီး ရွာသွန်းတဲ့ ဒီအချိန်ကာလပြီးရင် ရိတ်သိမ်းခြင်းကာလက လာပြီဖြစ်တယ်။ရိတ်သိမ်းခြင်းကာလ ပြီးသွားတဲ့အခါမှာ ချီဆောင်ခြင်းကာလက လာတော့မှာဖြစ်တယ်။


“ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြ လော့။ အကယ်၍လယ်လုပ်သော သူသည်အရင်မိုဃ်း၊ နောက်မိုဃ်းကိုရသည်တိုင်အောင်၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက်စောင့် နေကြလော့။ ကိုယ်စိတ် နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။” (ယာကုပ် 5:7-8)


                 သခင်ဘုရားကြွလာတော်မူခြင်း အကြောင်းနဲ့ မိုးရွာခြင်းနဲ့ ရိတ်သိမ်းခြင်းအကြောင်းကို ‌ရောပြီးတော့ ဒီမှာ ဘာပါလာလဲ ဆိုတဲ့အခါမှာ အရင်မိုးနောက်မိုးပြီးသွားရင် လယ်သမားက များစွာသောအသီးကို ရိတ်သိမ်းရတော့မယ်လို့ မျှော်လင့်သကဲ့သို့ တဲ့ ကျွန်တော်တို့အသက်တာမှာလဲ ရိတ်သိမ်းရာကာလပြီးရင် ယေရှုခရစ်တော်လာတော့မှာမို့ ဒီအရာလေးကို မီးမောင်းထိုးပြနေခြင်းဖြစ်တယ်။ ဧဝံဂေလိ တရားကို ဟောပြောတဲ့အခါကျရင် သန့်ရှင်းသောဝိညာဥ်တော် ပါရမယ်။


“လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။” (မဿဲ 24:14)


                သန့်ရှင်းသောဝိညာဥ်တော်က အလုပ်လုပ်နေဆဲဖြစ်တယ်။ သန့်ရှင်းသောဝိညာဥ်တော်ကို ဆီးတားသူမဖြစ်စေပဲ လက်ခံယူပြီး ဝိညာဥ်တော်ရဲ့ မစခြင်းတန်ခိုးနဲ့ ရိတ်သိမ်းခြင်းထဲမှာ ကျွန်တော်တို့ကို ကြီးမားစွာ အသုံးပြုပြီး လူပေါင်း မြောက်များစွာကို သင့်ရဲ့အသက်တာအားဖြင့် ပြောင်းလဲသွားစေလိမ့်မယ်။


“အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။” (သုတ္တံ 10:5)


              ရိတ်သိမ်းရာကာလမှာ မိမိကိုယ်မိမိဘုရားထံ ပြန်လည်ဆက်ကပ်အပ်နှံပါ။ ရိတ်သိမ်းရာကာလမှာ အိပ်နေသူက ဘုရားဘုန်းကိုရှုတ်ချသူဖြစ်တယ်။ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ သွန်းလောင်းခြင်းကို သင်တကယ်ခံယူပြီး အသက်ရှင်မယ် ဆိုရင် သင်က အားကြီးသောလူမျိူးဖြစ်ပြီး သင့်အားဖြင့် လူပေါင်းမြောက်များစွာ ပြောင်းလဲမှာဖြစ်ပါတယ်။ အယောက်စီတိုင်းကို သခင်ယေရှုနာမ၌ ဆု‌တောင်းကောင်းကြီးပေးလိုက်ပါတယ်။