Daily Bread

နှုတ်ကပတ်တော်နဲ့ရပ်တည်ပါ။

April 17, 2024 • Pastor David Lah • James 4:7, Galatians 2:20, John 15:4, 1 Peter 1:18–19, 1 Timothy 2:4


                      ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်ထံမှလာတဲ့ ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း ကျန်းမာခြင်း တို့သည် သင်နှင့်သင့်မိသားစုအပေါ်သို့ သက်ရောက်ပါစေလို့ ယေရှုခရစ်တော်နာမ၌ ဆုတောင်းပေးလိုက်ပါတယ်။ ဘယ်အခြေအနေကမှ သင့်ကိုမလှည့်ဖျားစေပါနဲ့။ ကျွန်တော်တို့ ဝမ်းမြောက်ကြရအောင်။ အကောင်းဆုံးဘုရားက ပြင်ဆင်ထားပြီးသားဖြစ်တယ်။ ကျွန်တော်တို့ တောင်းပန်ကြံစည်သမျှထက် ပိုမိုထူးခြားသော အရာတွေကို ဘုရားသခင်က ကျွန်တော်တို့အတွက် ပြင်ဆင်ထားပြီ ဖြစ်တယ်။

                   စာတန်က ကျွန်တော်တို့ဆီရောက်လာမယ့် အဲ့ဒီအရာတွေကို မရောက်လာဖို့အတွက် ဆီးတားမယ် ဖျက်ဆီးမယ် ခိုးမယ် ။ ဒါတွေက သူလုပ်ရမယ့် အလုပ်တွေပဲဖြစ်တယ်။ ဘုရားသခင်က သင့်ကို ကြီးမားသောအကြံအစည်နဲ့ ချီးမြှောက်တော့မယ် ဆိုတာသိရင် စာတန်က ဘယ်တော့မှ အငြိမ်မနေဘူး။ မာရ်နတ်ရဲ့  လုပ်ရပ်က ဒီအတိုင်းပဲ။ သူများကောင်းစားရင် သူများတိုးတက်ရင် မနာလိုတဲ့သူတွေက မာရ်နတ်ရဲ့ ထိန်းချူပ်မှုကို ခံနေရသူတွေပဲ။ ကိုယ်က ဘုရားသခင်ရဲ့  အလိုတော် အကြံအစည်ထဲမှာ သွားလာနေရင် သူ့အကြံအစည်က လုံးဝမထမြောက်စေရဘူး။ ဘုရားသခင် အကြံအစည်သာလျင် ကျွန်တော်တို့အသက်တာမှာ ပြည့်စုံလာမှာဖြစ်တယ်။

                   ကျွန်တော်တို့အပေါ်မှာ ဘုရားသခင် အကြံအစည် ရှိတာနဲ့အမျှ မာရ်နတ်က ဆွဲချဖို့ ကြံစည်နေတာဖြစ်တယ်။ မာရ်နတ်ရဲ့ပရိယာယ်တွေကို ကျွန်တော်တို့ ဘယ်လိုဆီးတားကြမလဲ? ပရိယာယ်တွေကို အောင်မြင်စွာနဲ့ ကျော်လွှားနိုင်ဖို့ ဘယ်လိုလုပ်မလဲ?

“ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။”(ရှင်ယာကုပ် 4:7)

ယုံကြည်သူထဲကို စာတန်ဝင်လို့ရလား? ဆိုတဲ့မေးခွန်းကို မေးတဲ့အခါ ရတယ် ၊ မရဘူး ငြင်းခုံကြတယ်။ ကျွန်တော် ကတော့ ယုံကြည်သူထဲကို စာတန်ဝင်လို့ မရဘူးလို့ ပြောချင်ပါတယ်။

“ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။”(ဂလာတိ 2:20)

                                  ခရစ်တော်က ကျွန်တော့်အထဲမှာ အသက်ရှင်တာဖြစ်တယ်။ ယုံကြည်သူတစ်ဦးရဲ့အထဲမှာ ခရစ်တော်ကနေရာယူ အသက်ရှင်တာဖြစ်တယ်။ တနည်းအားဖြင့် သန့်ရှင်းသောဝိညာဥ်တော်က လာရောက်ပြီး ကျွန်တော်တို့အထဲမှာ နေရာယူတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အိမ်ပိုင်ရှင်က ကျွန်တော်မဟုတ်တော့ဘူး။ ခရစ်တော်ဖြစ်သွားခဲ့ပြီ။ ငါ၌တည်နေကြလော့ ငါသည်လည်း သင်တို့၌တည်နေမည်။ လို့နှုတ်ကပတ်တော် ရှိပြီးသားဖြစ်တယ်။


 “ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။”(ယောဟန် 15:4)               

            ခရစ်တော်က သင့်အထဲမှာ တည်ရှိနေမှတော့ စာတန်က သင့်အထဲကို ဝင်လို့ရတော့မလား? သင့်ကို အသွေးတော်နဲ့ ရွေးဝယ်လိုက်ပြီးဖြစ်တဲ့အတွက သင့်ကို သူပိုင်သွားခဲ့ပြီ။ သင်က ပစ္စည်းတစ်ခုကို တန်ရာတန်ကြေးပေးပြီး ရွေးဝယ်ထားရင် အဲ့ဒီပစ္စည်းက သင်ပိုင်တဲ့ပစ္စည်းဖြစ်သွားခဲ့ပြီ။ သူများလာပိုင်လို့မရတော့ဘူး။ သူများက ပိုင်ဆိုင်မရတော့ရင် ပိုင်ဆိုင်ချင်လွန်းအားကြီးတော့ လာခိုးဖို့ကြံစည်နိုင်တယ်။ သူခိုးသည် ခိုးခြင်း သတ်ခြင်း ဖျက်ဆီးခြင်းငှာ လာတတ်၏ လို့ နှုတ်ကပတ်တော်ရှိတယ်။ ဒါကြောင့် ခရစ်တော်က ငိုက်မြည်းအိပ်ပျော်ခြင်းမရှိပဲ ကြည့်နေတာဖြစ်တယ်။

မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။ ၁ပေ 1:18-19 

                 ဘုရားက ကျွန်တော်တို့ကို သူ့အသွေးတော်နဲ့ရွေးကောက်ထားပြီ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တ်ောတို့ကို ဘုရားသခင်က ပိုင်သွားပြီဖြစ်တယ်။ ကျမ်းစာထဲမှာ နတ်ဆိုး လေဂေါင်ကို ယေရှုက နှင်ထုတ်တဲ့အခါ သူကအဲ့ဒီလူဆီက ထွက်သွားခဲ့ရတယ်။ အဲ့ဒီလူက မယုံကြည်သူဖြစ်တယ်။နတ်ဆိုးက သူ့အထဲကို ဝင်ပြီးနေရာယူထားတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ ယေရှုခရစ်တော်ရဲ့ အသွေးတော်နဲ့ ‌ရွေးကောက်ခြင်းခံထားရပြီးသူတွေ ဖြစ်တယ်။ သင်က ပိုင်ရှင်ရှိပြီးသားဖြစ်တယ်။ အိမ်တစ်အိမ်မှာ ပိုင်ရှင်ရှိနေရင် ဘယ်သူက လာတက်နေလို့ရမလဲ? ပိုင်ရှင်က သူ့အိမ်ကို လုံခြုံစွာ သော့ခတ်ထားရင် ဘယ်သူက လာခိုးလို့ရမလဲ?  တစ်ခုသတိထားရမှာက ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိူရမည်နည်း ဆိုပြီး လှည့်လည်ချောင်းမြောင်းနေတာဖြစ်တယ်။ ယုံကြည်သူ သား သမီးတွေက ဘုရားကို ကျောခိုင်းနေရင်တော့ သတိပြုပါ။ ယုံကြည်သူထဲကို စာတန်ဝင်လို့ မရပေမယ့် ယုံကြည်သူတိုင်းကို idea ထည့်ပေးလို့ရတယ်။

                    ယုံကြည်သူကို စာတန်က တိုက်ချင်ရင် အတွေးအခေါ်နဲ့တိုက်တယ်။ ကျမ်းစာထဲမှာ နတ်ဆိုးက ထွက်သွားတာ တစ်ကောင်ပဲ။ ဒါပေမယ့်နတ်ဆိုးက  ပြန်ဝင်တဲ့အခါ နောက်ထပ်နတ်ဆိုးတွေခေါ်ပြီး ဝင်နိုင်တယ် လို့ပြောထားတာက သူ့မှာ ပိုင်ရှင်မရှိလို့ ဖြစ်တယ်။ ပိုင်ရှင်ရှိရင်သူက ဘယ်လို ဝင်လို့ရမလဲ? ပိုင်ရှင်မရှိလို့သာ နတ်ဆိုးက ဝင်ခွင့်ရသွားတာဖြစ်တယ်။ ပိုင်ရှင်မရှိသေးရင် သင်သတိထားပါ။ စာတန်က ယုံကြည်သူရဲ့  အတွင်းနှလုံးသားကို ဝင်လို့မရတဲ့အခါ အတွေးအခေါ်နဲ့တိုက်ခိုက် တာဖြစ်တယ်။ မင်းက မကောင်းဘူး၊ မစုံလင်ဘူး၊ ညစ်ညူးတယ်၊ မင်းက မင်းက ဆိုတဲ့ အရာတွေနဲ့ သင့်ကို အားငယ်စိတ်ဝင်လာစေတယ်။ မိမိကိုယ်မိမိ သနားတဲ့စိတ်တွေ ဖြစ်လာတယ်။ အားငယ်စိတ်တွေများလာတဲ့အခါ သူများက ကိုယ့်ကိုစကားတစ်ခွန်းပြောလာရင် အဲ့ဒီစကားတစ်ခွန်းက ကိုယ့်ကိုကိုယ် သတ်သေချင်လောက်တဲ့စိတ် ဖြစ်သွားတဲ့အထိ ဖြစ်စေနိုင်တယ်။ စာတန်က ကိုယ့်ကို တိုက်ရိုက် ဆွဲချလို့မရတဲ့အခါ သူသုံးလို့ရတဲ့ အခြားတစ်ယောက်နဲ့ ကိုယ့်ကို လာတိုက်ခိုက်တယ်။

                      အားငယ်စိတ် သိမ်ငယ်စိတ်ဝင်နေတယ်ဆိုတာ စာတန်ရဲ့လုပ်ရပ်ကို သင်က အခွင့်ပေးနေတာဖြစ်တယ်။ သင်ဘယ်သူလဲဆိုတာ သင့်ကိုယ်သင်မသိတာဖြစ်တယ်။ ကြောက်တတ်တဲ့စိတ်က သင့်ကို မှားယွင်းမှုတွေဖြစ်စေတယ်။ စာတန်က သင့်ကို အတွေးအခေါ်နဲ့ လာတိုက်ခိုက်နိုင်တာဖြစ်တယ်။ စာတန်က သင့်ကို အားငယ်စိတ်တွေ လာထည့်ရင် သင်အနေနဲ့ ယေရှုအားဖြင့်သင်က တတ်စွမ်းနိုင်သောသူလို့ ကြော်ြငာလိုက်ပါ။ သင့်ကို စာတန်က မပြည့်စုံသူလို့ ပြောလာရင် သင်က ယေရှုအားဖြင့် ဘုန်းအာနုဘော်၌စံပယ်တော်မူသော စည်းစိမ်ရှိသူလို့ ကြော်ြငာလိုက်ပါ။ သင့်ကို စာတန်က မကျန်းမာသူလို့ လာပြောရင် သင်က ယေရှုခရစ်တော်ခံပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တော်များအားဖြင့် သင်ကကျန်းမာသောသူလို့ ဝန်ခံလိုက်ပါ။

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏။၁တိ 2:4

                        ကျွန်တော်တို့ကယ်တင်ခြင်းကို ရပြီးကျေနပ်နေဖို့မဟုတ်ဘူး။ ကယ်တင်ခြင်းကို ရပြီး သမ္မာတရားနဲ့ လိုက်လျှောက် အသက်ရှင်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ကို တိုက်ရိုက် တိုက်ခိုက်လို့မရတဲ့အခါမှာ အတွေးအခေါ်နဲ့ မာရ်နတ်က တိုက်တယ်။ သင့်ဆီမှာ သမ္မာတရားသာ မရှိနေရင် မာရ်နတ်ထည့်ပေးတဲ့ အတွေးအခေါ်အောက်မှာ သင်ကကျရှုံးမယ်။ မာရ်နတ် ထည့်ပေးချင်တဲ့ အတွေးအခေါ်ကို သင်က နှုတ်ကပတ်တော်နဲ့ ပြန်ထည့်ပေးနိုင်ရင် သင်ကမာရ်နတ်ကို ဆီးတားအောင်မြင်နိုင်သောသူ ဖြစ်သွားမယ်။ သမ္မာတရားကိုခံယူပြီး နှိုးဆော်သံကို နားလည်သူ နားထောင်သူက မင်္ဂလာရှိသောသူဖြစ်တယ်။

                            နှုတ်ကပတ်တော်နဲ့ သင့်အသက်တာကို တည်ဆောက်ပါ။ သင့်အတွေးအခေါ်ကို နှုတ်ကပတ်တော်နဲ့ ဖြည့်ပါ။ ကျေးဇူးတော်များများ ချီးမွမ်းပါ။ နှုတ်ကပတ်တော်က သင့်ရဲ့ခြေရှေ့မှာ မီးခွက်ဖြစ်ပြီး သင့်လမ်းခရီးကို လင်းစေမယ်လို့ ကျမ်းစာလာတဲ့အတိုင်း စာတန်ဆွဲချချင်တဲ့ မှောင်မိုက်ထဲမှာ သင်လမ်းမလျှောက်မိဖို့က နှုတ်ကပတ်တော်ဆိုတဲ့ အလင်းနဲ့ သင့်အသက်တာမှာ အသက်ရှိသွားနိုင်ဖို့ပဲဖြစ်တယ်။ ယုံကြည်သူမှန်ရင် မာရ်နတ်က သင့်အထဲကို ဝင်လို့မရဘူး။ ဒါပေမယ့် သင့်အတွေးအခေါ်ကို ဖျက်ဆီးဖို့ ကြံစည်မှာဖြစ်တယ်။ သင်က နှုတ်ကပတ်တော်နဲ့ သွားလာတဲ့သူဖြစ်ရင် မာရ်နတ်ကို သင်ဆီးတားနိုင်သူဖြစ်ပြီ။ နှုတ်ကပတ်တော်နဲ့မရပ်တည်နိုင်ရင် ဘုရားထံမှာ ခွန်အားတောင်းပါ။ မာရ်နတ်ကို အောင်သောသူများဖြစ်ကြပါစေ။