Daily Bread

(အိုးအလွတ်) လပ်သောအိုး

April 25, 2024 • Pastor David Lah • 2 Kings 4:1–7


             ဘုရားသခင်သည်ကောင်းမြတ်တော်မူ၍ ဂရုဏာတော်သည် အစဥ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်သည် အင်မတန်မှ ကောင်းမြတ်တော်မူသော ဘုရားရှင်ဖြစ်ပါတယ်။ ယနေ့မှာလည်း နှုတ်ကပတ်‌တော် ဝေငှခွင့်ပေးတဲ့ ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။


                ယေရမိမြည်တမ်း စကားထဲမှာ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ဂရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ပဲ နေကြ၏။ နံနက်တိုင်း ဂရုဏာအသစ်ကို ခံစားရ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ ငါ့ဝိညာဥ်၏ သဘောမူကား ထာဝရဘုရားသည် ငါ့အဖို့ဖြစ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော့်ကို ငါမျှော်လင့်ပါ၏။ ကိုယ်တော့်ကို မျှော်လင့်သောသူနှင့် ကိုယ်တော့်ကို ရှာသောသူ၏ စိတ်ဝိညာဥ်ကို ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။ ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက် ငြိမ်ဝပ်စွာ စောင့်လျက် နေကောင်း၏။ လို့ နှုတ်ကပတ်တော်ရှိတယ်။ ဘုရားရှင်က အံ့သြဖွယ်အမှုတွေကို ပြုတဲ့ ဘုရားရှင်ဖြစ်တယ်။ အင်မတန်မှ ကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်။


               ဒီအချိန်ဒီကာလက သမ္မာတရားကို ပိုင်းခြားနားလည်ဖို့ သိပ်လိုအပ်နေတဲ့အချိန်ကာလဖြစ်တယ်။ ဒီကနေ့ ဘုရားသခင်က ဘာစကားပြောနေပြီလဲ? ဘာတွေ ပြင်ဆင်ခိုင်းနေပြီလဲ? ဘာတွေလုပ်စေချင်လဲ ဆိုတာ နှုတ်ကပတ်တော်နဲ့ ကျွန်တော်တို့ လေ့လာသွားကြရအောင်ပါ။ 

“ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက် နေ၏။ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။”  (၄ရာ 4: 1-7)


(၄ရာ 4: 1-7) အထိဖတ်သွားတဲ့အခါမှာ ပရောဖက်အမျိူးသားရဲ့ မိန်းမက ယောက်ျားလဲသေပြီး ကျန်တဲ့ သားနှစ်ယောက်ကို လဲ ကြွေးရှင်က သူ့ဆီမှာ ကျွန်အဖြစ်သိမ်းအုံးမယ် ဆိုတော့ မိခင်တစ်ယောက် အနေနဲ့ သားတွေကို ကျွန်အဖြစ် မရောက်စေချင်ဘူး။ အဲ့ဒီအခါ ဧလိရှဲဆီလာတယ်။ ဧလိရှဲဆိုတာက ဘုရားလူဖြစ်တယ်။ ဧလိရှဲက မုဆိုးမကို သင့်အိမ်မှာ ဘာရှိသလဲလို့မေးတဲ့အခါ ဆီအိုးတစ်လုံးကလွဲပြီး ဘာမှ မရှိဘူးလို့ မုဆိုးမက ပြန်ဖြေတယ်။ ဒီနေရာမှာ ကျွန်တော့်ကို ဘုရားရှင်ဖွင့်ပြတဲ့ အရာကတော့ အခုခေတ်ကာလ မျိူးဆက်သစ်တွေကို စာတန်က လောကရဲ့ကျွန် အသွေးအသားရဲ့ကျွန် မာရ်နတ်ရဲ့ကျွန်ဖြစ်စေချင်နေတယ်။ သိမ်းပိုက်ဖို့ ကြံစည်တယ်။ ဆွဲချဖို့ ကြံစည်တယ်။ နလန်မထူနိုင်အောင် ကြံစည်နေတာ ဖြစ်တယ်။

                               အဲ့ဒီအထဲကနေ လွတ်မြောက်ဖို့ရန်အတွက် ဧလိရှဲက သူမအိမ်မှာ ဘာရှိသလဲလို့ မေးတဲ့အခါမှာ လွတ်နေတဲ့ ဆီအိုး တစ်လုံးကလွဲပြီး ဘာမှမရှိပါဘူးလို့ မုဆိုးမက ဧလိရှဲကို ပြန်ဖြေခဲ့တယ်။ အိမ်တော်ဆိုတာ အသင်းတော်ကို ပြောနေတာဖြစ်တယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာ ဆီရှိရဲ့လား? နောက်ဆုံးသောအချိန်ကာလမှာ ယုံကြည်သူ အသင်းတော်တွေ သန့်ရှင်းသော ဝိညာဥ်တော်ကို တကယ်နေရာပေးပြီး ဦးစားပေးတတ်တဲ့ အသင်းတော် ဖြစ်ရဲ့လား? သန့်ရှင်းသော ဝိညာဥ်တော်ဆိုတဲ့ ဆီနဲ့ပြည့်တဲ့ အသင်းတော်ဖြစ်ရဲ့လား? ရိုးရာထုံးတမ်းအစဥ်အလာထဲမှာပဲ ရှိနေတဲ့ အသင်းတော်ဖြစ်နေလား? ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်းပဲ လုပ်ပြီး သန့်ရှင်းသောဝိညာဥ်တော်ရဲ့ ဦးဆောင်လမ်းပြခြင်း မရှိပဲနဲ့ အနာဂတ်အတွက် မျိူးဆက်သစ်တွေကို သင်ဘယ်လိုမှ မကယ်တင်နိုင်ဘူး။ အိမ်ဆိုတဲ့ သင်တို့စုဝေးနေတဲ့ အသင်းတော်မှာ တကယ်ပဲ သန့်ရှင်းသောဝိညာဥ်တော်ဆိုတဲ့ ဆီနဲ့ပြည့်နေတဲ့ အသင်းတော်ြဖစ်ပြီလား? နောက်ဆုံးသောကာလမှာ ကြွေးရှင်ဆိုတဲ့ မာရ်နတ်က လာပြီး သိမ်းပိုက်ဖို့ ဖျက်ဆီးဖို့ ကြံစည်လိမ့်မယ်။

                   အသင်းတော်တွေမှာ သန့်ရှင်းသောဝိညာဥ်တော်နဲ့ ပြည့်ဖို့ ဘုရားအလိုတော်ရှိတယ်။ ဝိညာဥ်တော် တကယ်ဦးဆောင် လမ်းပြတဲ့ အသင်းတော်ဖြစ်ဖို့အတွက် လိုအပ်နေပြီ။ နောက်ဆုံးသောကာလမှာ စာတန်က မျိူးဆက်သစ် တွေကို သူ့ရဲ့ကျွန်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်နေပြီ။ သင့်အိမ်မှာ ဆီအိုးရှိနေလား? ဆီဆိုတာ ဘုရားရဲ့ဘိသိက် သန့်ရှင်းသောဝိညာဥ်တော် ဘုရားရဲ့တန်ခိုး ကိုပြောနေတာဖြစ်တယ်။ ဘိသိက်နဲ့ အလုပ်လုပ်တဲ့ အသင်းတော်တွေ ဖြစ်စေချင်ပြီ။

                နောက်ဆုံးသောကာလ အချိန်မှာ ကျွန်တော်တို့ရဲ့ အစွမ်းအစတွေ ကျွန်တော်တို့ရဲ့အစီအစဥ်တွေ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေနဲ့ ဘာတစ်ခုမှ လုပ်လို့ မရတော့ဘူး ညီအစ်ကို မောင်နှမတို့။ ဘုရားသခင်က သန့်ရှင်းသောဝိညာဥ်တော်ရဲ့ တန်ခိုးနဲ့ အသင်းတော်ကို လုပ်ဆောင်စေချင်နေပြီ။ ဘုရားဘက်က သန့်ရှင်းသောဝိညာဥ်တော်ဆိုတဲ့ ဆီနဲ့ ဖြည့်ပေးဖို့ အဆင်သင့်ရှိနေတယ်။ လောကမှာ ကြောက်စရာဆိုတဲ့အရာတွေအားလုံးကို ဘုရားသခင်ဆီက ဘိသိက်တန်ခိုးနဲ့ ကျော်ဖြတ်ခွင့် ရတဲ့အခါ ကြောက်စရာဘာမှ မရှိတော့ဘူးဖြစ်တယ်။ ကျွန်တ်ောတို့ကို ဆီဖြည့်ပေးချင်တဲ့ဘုရားဖြစ်တယ်။ ဆီက ပြဿနာ မဟုတ်ဘူး။ အဓီက ကတော့ ဆီထည့်ဖို့အတွက် အိုးက အလွတ်ရှိနေရဲ့လား? အိုးအလွတ်ဖြစ်နေရဲ့လား? ဘုရားသခင်က သူ့အကြံအစည်တွေကို သင့်အထဲမှာ ပြည့်စေချင်ပေမယ့် အိုးအလွတ်ရှိရဲ့လား?

                    ဒီကျမ်းပိုဒ်မှာ ရရှိလာတဲ့အိုးတွေမှာ ဆီဖြည့်ပြီးတဲ့နောက် ထပ်ဖြည့်ဖို့အတွက် နောက်ထပ်အိုးတစ်လုံးကို သားဆီမှာတောင်းတဲ့အခါ အိုးအလွတ်မရှိတော့ဘူးလို့ သားကဖြေတာနဲ့ ဆီက ရပ်သွားတာကို တွေ့ရတယ်။ ဒီနေရာမှာ ဘုရားသခင်က အရည်အချင်းရှိတဲ့သူကို အသုံးပြုချင်တာထက် ဘုရားသခင်အတွက် အမြဲတမ်း အချိန်အဆင်သင့် ရှိနေပါတယ်ဆိုတဲ့ availity မဟုတ်ပဲ  available ဖြစ်နေတဲ့သူကို ဘုရားသခင်က အလိုရှိတာဖြစ်တယ်။ အိုးအလွတ်အနေနဲ့ ဘုရားသဘောအတိုင်း ပုံသွင်းခံတဲ့ အသက်တာဖြစ်ဖို့ ဘုရားရှင် အလိုရှိတယ်။ မယ်တော်မာရိက ဘုရားရဲ့အလိုတော်ကို ဝန်ခံလိုက်တဲ့အခါမှာ ပဋိသန္ဓေ တည်ဖို့အကြောင်းဖြစ်လာတယ်။ မယ်တော်မာရိအထဲမှာ ဘာဖြစ်လို့ ဘုရားသခင်ရဲ့အလိုကို ပြည့်စုံစေနိုင်တာလဲဆိုတော့ မယ်တော်မာရိက ဘုရားသခင်အတွက် အဆင်သင့်ရှိနေသောကြောင့်ပဲဖြစ်တယ်။

                        ဘုရားသခင်က ကျွန်တော်တို့ကို တန်ခိုးပါတဲ့စိတ် ချစ်တတ်တဲ့စိတ် ရှင်းလင်းတဲ့စိတ် ထည့်ပေးချင်တယ်။ အရေးကြီးတာက ကျွန်တော်တို့က ဘုရားပေးတဲ့အရာတွေ လက်ခံနိုင်ဖို့ အသင့်ဖြစ်ရဲ့လား? လောကအရာတွေနဲ့ ပဲ အသက်တာကို ဖြည့်ထားတာလား? ကိုယ်တော့်အလိုတော်က ကောင်းကင်ဘုံမှာ ပြည့်စုံသလို ကျွန်တော့်အသက်တာထဲမှာလဲ ပြည့်စုံပါစေလို့ ပြောနိုင်တဲ့အသက်တာ ဖြစ်ဖို့လိုတယ်။ ဂျူးလူမျိူးတွေက သူတို့ထုံးစံမှာ သူတို့သေရင်ထားဖို့ သူတို့မြေ ဆိုတာကို ဝယ်ရတယ်။ ယေရှုခရစ်တော်က တော့ ဘာတစ်ခုဝယ်မသွားခဲ့ဘူး၊ ဒီလောကကြီးက ငါနဲ့မဆိုင်တဲ့အတွက် အကုန် သူငှားသွားခဲ့တယ်။ ထူးဆန်းတာ တစ်ခုကတော့ ကျွန်တော်တို့တွေကို သူ့ရဲ့အသွေးတော်နဲ့ ဝယ်သွားခဲ့ပါတယ်။ အဲဒီ ရွေးဝယ်ထားခြင်းခံရတဲ့ သူရဲ့အသက်တာထဲမှာ သူ့ဆီနဲ့ ပြည့်စေချင်တယ်။ သူ့ဆီကို ဖြည့်ပေးချင်တယ်။ ဘာဖြစ်လို့ ဖြည့်ပေးချင်တာလဲ? နောက်ဆုံးသောကာလမှာ ကျွန်တော်တို့ကို ကြီးမားစွာ အသုံးပြုချင်တယ်။ လာမယ့် မျိူးဆက်သစ်တွေကို ကယ်တင်ဖို့ရန်အတွက် ကျွန်တော်တို့ကို ဘုရားက အလိုရှိတာဖြစ်တယ်။

                          မာရ်နတ်က ခိုးမယ် သတ်မယ် ဖျက်ဆီးမယ် ။ လူငယ်တွေကို စာတန်က ပျက်ဆီးအောင်လုပ်မယ့် အချိန်မှာ မျိူးဆက်သစ်လူငယ်တွေကို ကူညီဖို့ရန်အတွက် ဘုရားသခင် အလိုရှိနေတာ အိုးအလွတ် လပ်သောအိုး ဖြစ်တယ်။ ဘုရားသခင်ကို ကျွန်တော် အသုံးပြုခံဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော့်ကို သခင့်ရဲ့ဆီနဲ့ ဖြည့်ပေးပါ။ ကျွန်တော့်ကို သခင့်ရဲ့တန်ခိုးနဲ့ ဖြည့်ပေးပါ။ ကျွန်တော့်ကို သခင့်ရဲ့ချစ်ခြင်းတွေနဲ့ လွှမ်းခြုံပါ။ လို့ ဝန်ခံသောသူကို ဘုရားက စောင့်နေပါတယ်။ သင့်ရဲ့အသက်တာနဲ့ ဘုရားက အလုပ်လုပ်ချင်ပါတယ်။ သင်ကရော ဘုရားသခင်အတွက် အဆင်သင့်ရှိနေတဲ့ အိုးအလွတ် ဖြစ်ပြီလား?

                         ဘယ်အရာတွေက သင့်ရဲ့အသက်တာကို အုပ်စိုးနေလဲ? ဘယ်အရာတွေက နေရာယူထားလဲ? သင့်ဘာသာသင် ကြိုးစားဖယ်ရှားလို့မရပါဘူး။ ကိုယ်တော်ထံက လာတဲ့ ဘိသိက် နဲ့အလုပ်လုပ်နိုင်ဖို့ ကိုယ်တော်ဖြည့်ပေးမယ့် ဆီကို လိုအပ်ပါတယ်လို့ သင်ဝန်ခံပါ။ သန့်ရှင်းသောဝိညာဥ်တော်ဆိုတဲ့ ဆီမပါပဲနဲ့ ဝိညာဥ်တွေ လွတ်မြောက်အောင် သင်မလုပ်နိုင်ဘူး၊ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ ဆီအိုးမရှိပါလို့ ပြောတဲ့အချိန်မှာ ဆီက ရပ်သွားခဲ့တယ်။ လောကအရာတွေရှိနေတဲ့ သင့်ကို လောကအရာတွေဆွဲထုတ်ပေးဖို့ ဘုရားကို ‌တောင်းပါ။ ဘုရားသခင်ရဲ့ မစခြင်းကို တောင်းခံပါ။ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ ကူမခြင်းကို ခံယူပါ။ ကျွန်တော်တို့ အထဲမှာရှိနေတဲ့ လောကရဲ့ပူလောင်ခြင်းတွေကို ဖယ်ရှားပေးပြီး အိုးအလွတ်ဖြစ်ဖို့ ဘုရားသခင်ဆီမှာ တောင်းခံပါ။ ဘုရားအလိုတော် ပြည့်စုံစေဖို့ သင်အဆင်သင့်ဖြစ်ပါပြီလို့ ဘုရားကို ဝန်ခံနိုင်ဖို့ ဘုရားသခင်ဆီမှာ အကူအညီတောင်းပါ။

                    တံခါးကိုပိတ်ပြီးမှ ငှားယူသောအိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ လို့ပြောထားတာ တံခါးဆိုတာ လောကအရာတွေကို ပြောနေတာဖြစ်ပါတယ်။ သင့် အိုးထဲကိုဆီဖြည့်နိုင်ဖို့အတွက်က သင်လောကအရာတွေ အားလုံးကို ဖြတ်တောက်ပစ်ဖို့ သတိပေးနေပြီဖြစ်တယ်။ သင့်အသက်တာအတွက် ဆီထည့်ပေးမှာက ဘုရားဘက်က လုပ်ပေးမယ့်အရာဖြစ်တယ်။ သင်လုပ်ရာမှာက သင့်မှာအိုးအလွတ်ဖြစ်နေဖို့ ပဲဖြစ်တယ်။ ကျမ်းစာထဲမှာ ဆီဖြည့်ပြီးတဲ့နောက် ပြည့်သွားတဲ့ ဆီများအားဖြင့် မုဆိုးမရဲ့သားတွေ ကျွန်အဖြစ်က လွတ်မြောက်ခွင့်ရခဲ့သလို သင့်အသက်တာမှာလဲ အဲ့ဒီဆီအားဖြင့် လွတ်မြောက်ရတဲ့အခွင့်ကို ဘုရားရှင်ပေးလိမ့်မယ်။

                   အဲ့ဒီဆီကို ရရှိနိုင်ဖို့က သင့်အသက်တာကို ပြုပြင်ခြင်း သွန်သင်ခြင်းတော့ သင်ခံရပါလိမ်မယ်။ သံလွင်ဆီနဲ့ ဥပမာ ပေးရရင် သံလွင်ဆီဆိုတာ သိပ်တန်ဖိုးရှိပါတယ်။ သံလွင်ဆီဖြစ်လာဖို့ သံလွင်သီးကို ကြိတ်ပစ်လိုက်ရသလို သင့်အသက်တာထဲမှာ ဘုရားသခင်က အလုပ်လုပ်နိုင်ဖို့က သင့်အသက်တာကို အကြိတ်ခံနိုင်ရမှာဖြစ်တယ်။ မုဆိုးမအိမ်မှာ အဖြည့်ခံရတဲ့ ဆီအားဖြင့် သူမရဲ့သားတွေ ကျွန်အဖြစ်က လွတ်မြောက်ခွင့် ရခဲ့သလို ဆီဆိုတဲ့ သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် သင့်အသက်တာကို အသုံးပြုပြီး မျိူးဆက်သစ်တွေ သင့်အားဖြင့် စာတန် လက်မှ လွတ်မြောက်ပါစေ။

                    အသက်တာကို အိုးအလွတ်ကဲ့သို့ ဖြစ်စေခြင်းဖြင့် ဘုရားသခင်အတွက် အဆင်သင့်ရှိနေသောသူများ ဖြစ်ကြပါစေ။ အယောက်စီတိုင်းကို ဘုရားသခင် အသုံးပြုချီးမြှောက်ပါစေ။